Connect with us

Hi, what are you looking for?

သတင်း

NUGနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ယူနစ်ကြားကာလ အစိုးရတို့နဲ့ တွေ့ဆုံ၊ အာဏာခွဲဝေမှု ဆိုင်ရာတွေ ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃၁ရက် မနက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးနဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦးနဲ့ဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တွေ့ဆုံမှုမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း နိုင်ငံရေးအင်အားစုများ ပူးပေါင်း ဆောင်ရွက်ကြမယ့် ရှေ့လုပ်ငန်းစဉ်တွေ ရှင်းပြတာ၊ ဖက်ဒရယ်ယူနစ် အစိုးရရဲ့ ရှေ့လုပ်ငန်းငန်းစဉ်ဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးတာ ပြုလုပ်ခဲ့သလို NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ ဦးနိုင်ထူးအောင်တို့က လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု (Division of Competency)ဆိုင်ရာ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့တာတွေအပေါ် အသေးစိတ် ညှိနှိုင်းတာ၊ လွှဲပြောင်းခြင်းဆိုင်ရာတွေ ပြင်ဆင်နေတာကို ရှင်းလင်း တင်ပြခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ တွေ့ဆုံပွဲမတိုင်မီ ဇန်နဝါရီ ၂၆ရက်က NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ မျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ဟာ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံပြီး လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းဆိုင်ရာနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ပါသေးတယ်။ အဲဒါအပြင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရှေ့လုပ်ငန်းစဉ်တွေကို တိုင်ပင်ခဲ့ကြောင်းလည်း NUGက ထုတ်ပြန်ထားပါတယ်။

NUGဟာ ဇန်နဝါရီ ၂၃ရက်ကလည်း မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ တွေ့ဆုံခဲ့ပြီး အခုလိုပဲ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု နဲ့ပတ်သက်တဲ့ ပြင်ဆင်နေတာတွေကို ဆွေးနွေးခဲ့ပါတယ်။မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကလည်း လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုနဲ့ပတ်သက်တဲ့ စဉ်းစားချက်တွေ၊ ပြည်ထောင်စုနဲ့ မန္တလေးဒေသ ညှိနှိုင်းချိတ်ဆက်ပြီးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

NUG အနေနဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့ဟာ ၂၀၂၅ ဒီဇင်ဘာ ၂၈ရက်ကလည်း လွတ်မြောက်နယ်မြေ တနေရာမှာ ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပါသေးတယ်။

ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးကျော်နီနဲ့ တာဝန်ရှိသူတွေဟာ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ မြေပြင်မှာ တွေ့ဆုံကာလုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း ဆိုင်ရာ အပြင် မန္တလေးဒေသ လွတ်မြောက်နယ်မြေအတွင်း အခွန်အကောက် မရရှိသေးတဲ့ သယံဇာတလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ရသင့်ရထိုက်တဲ့ အခွန်တွေ မှန်မှန်ကန်ကန်ရရှိဖို့၊ တော်လှန်ရေး အမြန်အောင်မြင်စေဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Trending

Facebook