Connect with us

Hi, what are you looking for?

သတင်း

ICJ စီရင်ချက်အပြီးစစ်တပ် ထိပ်ပိုင်း အရာရှိ ၅ ယောက်ကို ဗြိတိန် အရေးယူဒဏ်ခတ်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ စီရင်ချက်ထွက်ပေါ်လာအပြီးဗြိတိန်နိုင်ငံကမြန်မာစစ်တပ် ထိပ်ပိုင်းအရာရှိ ၅ ဦးကိုပိတ်ဆို့ အရေးယူကြောင်း ကြေညာလိုက်ပါတယ်။

(အာဏာသိမ်း​ခေါင်း​​​ဆောင်နဲ့ စစ်ဗိုလ်ချုပ်​တွေ ။ဓါတ်ပုံ-စစ်​ကောင်စီ)

နိုဝင်ဘာ-၂၄၊၂၀၂၆။People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ စီရင်ချက်ထွက်ပေါ်လာအပြီးဗြိတိန်နိုင်ငံကမြန်မာစစ်တပ် ထိပ်ပိုင်းအရာရှိ ၅ ဦးကိုပိတ်ဆို့ အရေးယူကြောင်း ကြေညာလိုက်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ICJဟာ သမိုင်းဝင် ဆုံးဖြတ်ချက် တစ်ခုအဖြစ် မြန်မာက ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ဒါဟာနိုင်ငံတစ်ခုကလူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း ပထမဆုံးအကြိမ် တရားရေးအရ စီရင်ချက် ချမှတ်မှုလည်း ဖြစ်လာပါတယ်။

ဗြိတိန်ဟာ ဩစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ပေါ်တူဂီ၊ စပိန်၊ ကနေဒါစတဲ့ နိုင်ငံတချို့နဲ့အတူ ICJရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြု ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ICJ ဆုံးဖြတ်ချက် ထွက်ပေါ်လာတဲ့ နေ့မှာတင် မြန်မာစစ်သံမှူးကို နှင်ထုတ်မယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး အက်ဒ်မီလီဘန်းက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ၂၃ရက်နေ့မှာတော့ဗြိတိန်က မြန်မာစစ်တပ်ထိပ်ပိုင်းအရာရှိ ၅ ဦးကိုလည်း ပိတ်ဆို့ အရေးယူမှု စာရင်းထဲထည့်သွင်း ကြေညာခဲ့ပါတယ်။ အဲဒီ ၅ ယောက်ကတော့ မျိုးထွန်းလှိုင်၊ မျိုးမင်းထွန်း၊ မြတ်သက်ဦး၊ ကျော်စိုးနဲ့ ကျော်စွာဦးတို့ ဖြစ်ပါတယ်။

အင်မတန် ထိတ်လန့် တုန်လှုပ်စရာကောင်းတဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုလို ရာဇဝတ်မှုကြီး တစ်ခုအတွက် ဗြိတိန်ရဲ့ တုံ့ပြန်မှုဟာ ဗြိတိန်ရဲ့ တန်ဖိုးတွေ၊ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ပြတ်သားတဲ့ လုပ်ဆောင်ချက်မျိုး ဖြစ်နေဖို့လိုကြောင်း မီလီဘန်းက ဆိုပါတယ်။

သူက၂၀၂၁ခုနှစ်ကတည်းကဗြိတိန်ရဲ့ပိတ်ဆို့အရေးယူမှုကို ခံထားရပြီးသားဖြစ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ကိစ္စအများစုမှာ တိုက်ရိုက် တာဝန်ရှိတယ်လို့လည်း ဆက်ပြောပါတယ်။

လောလောဆယ်မှာ ကိုယ်တိုင်ခန့် သမ္မတ ရာထူးကို ယူထားသူ မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ ၂၀၁၇ တုန်းက မြန်မာစစ်တပ်ရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

မြန်မာဟာ လက်ရှိ ဆက်လက် ဖြစ်ပွားနေတဲ့ ရန်လို အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်၊ အရေးယူ၊ တရားစွဲဆို၊ အပြစ်ပေးတာတွေ လုပ်ဖို့၊ အလားတူ ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်ဖြစ်မလာအောင် တားဆီးဖို့ လိုတယ်လို့လည်း မီလီဘန်းက ဆိုပါတယ်။

နောက်ပြီး မြန်မာစစ်တပ်က အရပ်သား ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကို ရပ်တန့်ဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး ခွင့်ပြုပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လက်ရှိ အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းနိုင်အောင် အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးမှုမျိုးဆီ ဦးတည်ဖို့လည်း သူက တောင်းဆိုသွားပါတယ်။

မီလီဘန်းက ဗြိတိန်ဟာ မြန်မာနိုင်ငံဆီ လေယာဉ်ဆီတင်သွင်းမှုတွေကိုဖြတ်တောက်မယ့် ဥပဒေသစ်တစ်ခုကိုလည်းရေးဆွဲပြဋ္ဌာန်းသွားမယ်လို့ အတည်ပြုသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC)မှာ ဆွေးနွေးဖို့ ဗြိတိန်က တိုက်တွန်းသွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ICJရဲ့ ဆုံးဖြတ်ချက်မှာတော့ မြန်မာစစ်တပ်နဲ့ လုံခြုံရေး အာဏာပိုင်တွေဟာ ၂၀၁၇ တုန်းက ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး နာမည်ခံပြီး ရိုဟင်ဂျာ ၁၀၀၀၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ကျေးရွာတွေကို မီးရှို့တာ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို မုဒိမ်းကျင့်တာမျိုး ပြစ်မှုတွေလည်း စစ်သားတွေက ကျူးလွန်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်မြန်မာစစ်တပ်က ငြင်းဆိုထားပါတယ်။

မီလီဘန်းက မြန်မာစစ်တပ်ရဲ့ အပြင်းအထန် ဖိနှိပ်မှုတွေကြောင့် ရိုဟင်ဂျာ ၁.၂ သန်းလောက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေရကြောင်းလည်း ပြောကြားသွားပါတယ်။

ကိုးကား -BBC

ဆက်စပ်သတင်းများ