Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မိန်းကလေးငယ်တစ်ဦး ကျောက်ကပ် ထိခိုက်စေခဲ့တဲ့ အသားဖြူခရင်မ်ကို အိန္ဒိယ ရဲတပ်ဖွဲ့ စုံစမ်းနေ

အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကျောက်ကပ်ထိခိုက်မှု အသားဖြူ ခရင်မ်တစ်မျိုး ဆက်စပ်မှုကို အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

ဓာတ်ပုံ - iStock

အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကျောက်ကပ်ထိခိုက်မှု အသားဖြူ ခရင်မ်တစ်မျိုး ဆက်စပ်မှုကို အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

အဲဒီ ဆယ်ကျော်သက် မိန်းကလေးဟာ အသားဖြူ ခရင်မ်ကို စတင်အသုံးပြုပြီး နောက်ပိုင်း လပိုင်းလောက်ကစလို့ နာမကျန်း ဖြစ်လာခဲ့တာလို့ စွပ်စွဲထားကြောင်း ရဲတွေက ဆိုပါတယ်။ ကီရာလာပြည်နယ် ရဲတပ်ဖွဲ့ဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အသားဖြူ ခရင်မ် အမှတ်တံဆိပ်အပေါ် စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါပြီ။

မိန်းကလေးကို တာဝန်ယူ ကုသပေးနေတဲ့ ဆရာဝန်တွေကတော့ ခရင်မ်ထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ မာကျူရီ (ပြဒါး)ဓာတ်တွေ အများအပြား ပါဝင်နေတာကြောင့် ကျောက်ကပ် လုပ်ငန်းစဉ်တွေကို နှောင့်ယှက်ဖျက်ဆီးတဲ့ ပြဿနာမျိုး ပေါ်လာစေခဲ့တာလို့ ပြောပါတယ်။

မာကျူရီဟာ အသားရောင်ရင့်တဲ့ ဓာတ်ပစ္စည်းတွေကို လျော့ပါးသွားစေပေမယ့် အရေပြားက စုပ်ယူပြီး သွေးကြောတွေထဲ ရောက်ရှိနိုင်ပါတယ်။ အဲဒီ မာကျူရီ အဆိပ်သင့်မှုကို ကျောက်ကပ်က စစ်ထုတ် ဖယ်ရှားပေးတဲ့အခါ ကျောက်ကပ်ကို ဝန်ပိစေပြီး ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့က အမည်မထုတ်ပြန်တဲ့ မိန်းကလေးဟာ ဝက်ခြံနဲ့ တင်းတိပ်တွေလည်း ပျောက်ကင်းစေတယ်ဆိုတဲ့ အဲဒီ အသားဖြူ ခရင်မ်ကို လူမှုကွန်ရက်ပေါ်မှာ ကြော်ငြာတွေ့ရှိရာက ဝယ်ယူ သုံးစွဲခဲ့တာလို့ သိရပါတယ်။

အိန္ဒိယ လူ့အဖွဲ့အစည်းကြားမှာ အသားဖြူခရင်မ်တွေ သုံးစွဲမှု အလေ့အထက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပေမယ့် စျေးကွက်ထဲမှာ ရောင်းချနေတဲ့ ထုတ်ကုန် အားလုံးဟာ အရည်အသွေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းမှုတွေကို စိစစ်ထားတာ မဟုတ်ပါဘူး။

India Todayရဲ့ ဖော်ပြချက်အရ အဲဒီ ခရင်မ် အမှတ်တံဆိပ်က F-Tune ဖြစ်ပါတယ်။ ဓာတ်ခွဲ စစ်ဆေးမှုတွေမှာတော့ ခရင်မ်ထဲမှာ ပြဒါးပါဝင်မှုဟာ ၁၂၅၀၀ ppm ထိ များပြားနေတယ်လို့ သိရပါတယ်။ ကျန်းမာရေး ဌာနတွေက တရားဝင် ခွင့်ပြုထားတဲ့ ပြဒါးပါဝင်မှုဟာ ၁ ppm အောက်မှာသာ ရှိရမှာ ဖြစ်တာကြောင့် သင့်တော်တဲ့ အတိုင်းအတာထက် အဆပေါင်း ၁၂၅၀၀ ပိုများနေတဲ့ သဘောပါ။

မိန်းကလေးဟာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ခရင်မ်သုံးဘူး ကုန်တဲ့ထိ ညစဉ် လိမ်းခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာ ရလဒ်က သိသိသာသာ ကောင်းမွန်ပြီး အသားရောင် တောက်ပဖြူဝင်းလာပေမယ့် လအနည်းငယ် အကြာမှာတော့ မောပန်းတာ၊ ခေါင်းကိုက်တာ၊ မူးဝေဖျော့တော့တာ၊ ရုတ်တရက် သတိလစ်တာ၊ သွေးပေါင်ထိုးကျတာ၊ ဖောရောင်တာတွေ ခံစားလာရပါတယ်။ နောက်ဆုံး မတ်တပ်တောင် မရပ်နိုင်တဲ့ထိ ဖြစ်လာလို့ စစ်ဆေးကြည့်တဲ့အခါ ကျောက်ကပ် ထိခိုက်နေတာကို ရှာတွေ့ခဲ့ပါတယ်။

အိန္ဒိယမှာ တရားဝင် ရောင်းချတဲ့ အသားဖြူ ခရင်မ်တွေကို အရည်အသွေး စစ်ဆေးပေမယ့် လူမှုကွန်ရက်ပေါ်ကနေ လူငယ်တွေကို အဓိက ပစ်မှတ်ထား ရောင်းချနေတဲ့ အမှတ်တံဆိပ် အများစုကတော့ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုကနေ ကင်းလွတ်နေဆဲ ဖြစ်ပါတယ်။ အဲဒီ ခရင်မ်တွေမှာ လူကို အဆိပ်သင့်စေတဲ့ ခဲဓာတ်နဲ့ ပြဒါးဓာတ်တွေ လွန်လွန်ကဲကဲ ပါဝင်နိုင်ကြောင်း ကျန်းမာရေး ပညာရှင်တွေက သတိပေးနေပေမယ့် ထိရောက်တဲ့ ထိန်းချုပ် တားဆီးမှုမျိုး မရှိဘဲ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ရောင်းချနေကြတာပါ။

မိန်းကလေးဟာ ကံအားလျော်စွာနဲ့ ကျောက်ကပ် အလုံးစုံ ပျက်စီးတဲ့ အဆင့်ထိ မရောက်သေးခင်မှာ ကုသမှု ခံယူနိုင်ခဲ့တယ်လို့ ပြည်တွင်း သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ သူဟာ တစ်လလောက် ဆေးရုံတက်ခဲ့ရပေမယ့် အခုတော့ အိမ်ပြန်ရောက်နေပြီး နာလန် ပြန်ထလာနေပါပြီ။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဘောလိဝုဒ် ရုပ်ရှင်စတားတွေ အပါအဝင် အိန္ဒိယရဲ့ ထင်ရှားကျော်ကြားသူ တချို့က အရည်အသွေးနိမ့် အလှကုန်တွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဆီက ပိုမို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုတွေကို တောင်းဆိုလာခဲ့ကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ