Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံတွေစာရင်းကနေ လာအိုလွတ်မြောက်ပြီ

ကမ္ဘာ့ဖွံ့ဖြိုးမှုနှုန်း နောက်အကျဆုံး နိုင်ငံတွေ (LDC) စာရင်းကနေ လာအိုက တရားဝင် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Xinhua

နိုဝင်ဘာ – ၂၄ ၊၂၀၂၆

ကမ္ဘာ့ဖွံ့ဖြိုးမှုနှုန်း နောက်အကျဆုံး နိုင်ငံတွေ (LDC) စာရင်းကနေ လာအိုက တရားဝင် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ (UN)ရဲ့ စီးပွားရေးနဲ့ လူမှုရေး ကောင်စီ (ECOSOC)ဆီကို အစီရင်ခံတဲ့ ဖွံ့ဖြိုးမှု မူဝါဒ ကော်မတီ (CDP)က LDC စာရင်းမှာ ဘယ်နိုင်ငံတွေ ပါသင့်သလဲ၊ ဘယ်နိုင်ငံတွေ လွတ်မြောက်သင့်သလဲ ဆိုတာကို သုံးနှစ်တစ်ကြိမ် စိစ် အကြံပြုလေ့ ရှိပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ လာအိုဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ LDC အဖြစ် ရှိနေတဲ့ နိုင်ငံတွေထဲကနေ ပထမဆုံး လွတ်မြောက်တဲ့ မှတ်တမ်းကောင်းကို ရရှိလာခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ကတည်းက အဲဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ လာအိုဟာ ၅၅ နှစ် ကြာမြင့်ပြီးချိန်မှာ လွတ်မြောက်သွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် အရှေ့တောင်အာရှမှာ LDC စာရင်းဝင် နိုင်ငံတွေအဖြစ် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောတို့ပဲ ကျန်နေပါတော့တယ်။ ဒီအရွေ့ဟာ လာအိုရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးမှာ အပေါင်းလက္ခဏာဆောင်မှုတွေကို ပြသနေပြီး အစိုးရက အဲဒီ အခြေအနေကို ဆက်ပြီး ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

UNရဲ့ လာအို အခြေစိုက် ညှိနှိုင်းဆောင်ရွက်ရေး အရာရှိဖြစ်သူ ဥဇဘက်ကစ္စတန် နိုင်ငံသား ဘက်ခိုဒါ ဘူခါနော့ဗ်က LDCကနေ လာအို လွတ်မြောက်သွားတာဟာ ၂၀၃၅ ခုနှစ်ကျရင် ဝင်ငွေ အလယ်အလတ်တန်းစားအဆင့် နိုင်ငံစာရင်း ဝင်ရောက်ဖို့ မျှော်လင့်ချက်ဆီ ပိုနီးစပ်သွားစေတဲ့ တိုးတက်မှုလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီမျှော်မှန်းချက်ဟာ စိန်ခေါ်မှုတွေ ကြီးမားပေမယ့် လက်တွေ့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဘူခါနော့ဗ်က ဆိုပါတယ်။

LDC စာရင်းထဲ ထည့်သွင်းသတ်မှတ် ခံရတဲ့ အဓိက စံနှုန်း ၃ ခုကတော့ တစ်ဦးချင်း ဝင်ငွေ နိမ့်ကျတာ၊ ကျန်းမာရေး ပညာရေးစတဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု ညွှန်းကိန်းတွေ အားနည်းတာ၊ စီးပွားရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်လွယ်မှု ညွှန်းကိန်းတွေ မြင့်မားတာတွေပဲ ဖြစ်ပါတယ်။

LDCကနေ လွတ်မြောက်ဖို့ဆိုရင် အဲဒီ စံနှုန်း သုံးခုထဲက အနည်းဆုံး ၂ ခုကနေ ကင်းကွာလာပြီ ဆိုတာကို ၃ နှစ်ဆက် ၂ ကြိမ် စစ်ဆေးမှုတွေမှာ သက်သေပြဖို့ လိုအပ်ပါတယ်။ လာအိုဟာ ၂၀၁၈ မှာ ပထမ စံနှုန်းနှစ်ခုကို ကျော်လွှားနိုင်ခဲ့ပြီး ၂၀၂၁ မှာတော့ စံနှုန်း ၃ ခုစလုံးကို ကျော်လွန် အောင်မြင်လာခဲ့ပါတယ်။

နောက်တော့ LDC စာရင်းထဲကနေ လွတ်မြောက်နိုင်ဖို့အတွက် အနီးကပ် စောင့်ကြည့်မယ့် အထူးအသွင်ပြောင်း ကာလကို လာအိုက ဖြတ်ကျော်ရပါတယ်။ ပုံမှန်ဆိုရင် အဲဒီ ပြင်ဆင်မှု ကာလကို ၃ နှစ်သာ ခွင့်ပြုပေမယ့် ကိုဗစ် ကပ်ရောဂါ နောက်ဆက်တွဲ စီးပွားရေး ဂယက်တွေကြောင့် UNက လာအိုအတွက် ၅ နှစ် ခွင့်ပြုပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် စစ်ဆေးချက်တွေအရ လာအိုနိုင်ငံသား တစ်ဦးရဲ့ ပျမ်းမျှဝင်ငွေမှာ ၂၅၀၃ ဒေါ်လာထိ ရှိလာပြီး အနိမ့်ဆုံး လိုအပ်ချက်ဖြစ်တဲ့ ၁၃၀၆ ဒေါ်လာကို ကျော်လွန်လာတယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ကျန်တဲ့ ညွှန်းကိန်း နှစ်ခုမှာလည်း LDCကနေ လွတ်မြောက်ဖို့ လိုအပ်တဲ့ တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။

LDCကနေ လွတ်မြောက်သွားတာဟာ ဂုဏ်ယူစရာ အခြေအနေ ဖြစ်ပေမယ့်လည်း ဥရောပ သမဂ္ဂ (EU)လို နိုင်ငံတကာ စျေးကွက်တွေဆီ LDC နိုင်ငံတွေဆီကနေ အကောက်ခွန် ကင်းလွတ် ပို့ကုန် တင်ပို့ခွင့်တွေ၊ LDC နိုင်ငံတွေအတွက် သီးသန့်ပေးအပ်ထားတဲ့ ထောက်ပံ့ရေး ရန်ပုံငွေ ခွဲတမ်းတွေကိုတော့ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

UNရဲ့ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး အေဂျင်စီ (UNCTAD)ကတော့LDCကနေ လွတ်မြောက်ရုံနဲ့ လာအိုရဲ့ ဖွံ့ဖြိုးရေး စိန်ခေါ်မှုတွေ အားလုံး ပြီးဆုံးသွားတာ မဟုတ်သေးဘူးလို့ ထောက်ပြထားပါတယ်။

လာအိုဟာသဘာဝသယံဇာတအပေါ် အဓိကမှီခိုနေရဆဲဖြစ်ပြီးအဲဒီ အခြေအနေကို လျှော့ချဖို့၊ စီးပွားရေး ကဏ္ဍပေါင်းစုံ ဖွံဖြိုးလာဖို့၊ ပြည်တွင်း ထုတ်ကုန်စွမ်းရည် မြှင့်တင်ဖို့၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်နေဆဲလို့ UNCTADက ဆိုပါတယ်။

တစ်ဖက်မှာလည်း လာအိုဟာ အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ၂၀၂၆ ကနေ ၂၀၃၀ အတွင်း အမျိုးသား ဖွံ့ဖြိုးရေး စီမံကိန်း တစ်ရပ်ကို အကောင်အထည် ဖော်ပြီး အသွင်ကူးပြောင်းရေး မဟာဗျူဟာတွေ ချမှတ် ဆောင်ရွက်နေကြောင်း သိရပါတယ်။

ကိုးကား – Bangkok Post, Khaosod

ဆက်စပ်သတင်းများ