Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲကာလတလျှောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ ရုရှားစစ်သား ၁၀၀၀ ကျော်ရှိခဲ့

ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက်ပိုင်း ရုရှားမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ စစ်သားပေါင်း ၁၀၀၀ ကျော်ထိ ရှိခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - The Guardian

ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက်ပိုင်း ရုရှားမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ စစ်သားပေါင်း ၁၀၀၀ ကျော်ထိ ရှိခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

ဗြိတိန်ရဲ့ Guardian သတင်းစာက ရုရှား အစိုးရပိုင် စာရင်းအင်း အေဂျင်စီ Rosstatကနေ ပေါက်ကြားလာတဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေကို လေ့လာဆန်းစစ်ပြီး အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Guardianက စိစစ်ကြည့်တဲ့ အခါမှာတော့ ယူကရိန်း ပိုင်နက်ထဲမှာ၊ ဒါမှမဟုတ် ယူကရိန်းနဲ့ နယ်စပ်နားမှာ ရုရှားစစ်သည် ၈၈၅ ဦးရဲ့ သေဆုံးမှုတွေကိုလည်း သေနတ်ဒဏ်ရာကြောင့်၊ ဒါမှမဟုတ် အကြောင်းရင်း အတည်မပြုနိုင်တဲ့ အခြေအနေတွေကြောင့်လို့ ဗလုံးဗထွေး ဖော်ပြထားကြောင်း Guardianက ဆိုပါတယ်။

သတင်းစာတိုက်က အဲဒီကိစ္စတွေကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးကြည့်တဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေကို ဖုံးကွယ်ထားတာ ဖြစ်တယ်ဆိုတာ စစ်ဆေး တွေ့ရှိလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စုံစမ်းစစ်ဆေးမှုတွေအရ ယူကရိန်း စစ်ပွဲနဲ့ ဆက်စပ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့တဲ့ စစ်သားဦးရေဟာ တပ်ရင်းတစ်ရင်းစာလောက်ထိ ရှိနိုင်တယ်လို့ Guardianက ဆိုပါတယ်။ ပြီးတော့ အခု ခြေရာခံ တွေ့ရှိထားတဲ့ ကိန်းဂဏန်းတွေဟာ အမှန်တကယ် သေကြောင်းကြံသွားခဲ့တဲ့ တပ်ဖွဲ့ဝင် အရေအတွက်ထက် အများကြီး လျော့နည်းနေနိုင်ကြောင်းလည်း Guardianက သုံးသပ်ထားပါတယ်။

အခု တွေ့ရှိချက်ဟာ စစ်ပွဲကာလ ၅ နှစ်နီးပါးလောက်ထိ ကြာမြင့်လာတာနဲ့အမျှ ရုရှား ရှေ့တန်းစစ်မျက်နှာမှာ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားတွေ ပိုမိုမြင့်တက်လာတာကို ရှားရှားပါးပါး ဖော်ထုတ်နိုင်မှု တစ်ခုလည်း ဖြစ်လာပါတယ်။

အသေအပျောက် များပြားတာ၊ စစ်စည်းကမ်းတွေ တင်းကျပ်တာ၊ အထက်အရာရှိတွေရဲ့ ဖိအားပေးတာတွေက ရုရှားစစ်သည်တွေရဲ့ စိတ်ဓာတ်ရေးရာ အပိုင်းကို အကြီးအကျယ် ထိခိုက်စေတယ်လို့ Guardianက ဆိုပါတယ်။

အတည်ပြုထားနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၁၀၈၇ ခုထဲမှာ အနည်းဆုံး ၆၁၄ ခုဟာ ရုရှားသိမ်းယူထားတဲ့ ယူကရိန်း နယ်မြေတွေ၊ ဒါမှမဟုတ် ရှေ့တန်းစစ်မျက်နှာနဲ့နီးတဲ့ ရုရှားပိုင်နက် နယ်မြေတွေထဲမှာ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။ ဘယ်လ်ဂိုရော့ဒ်နဲ့ ဘရင့်စ်ခ် ဒေသတွေမှာတော့ ရုရှားစစ်သားတွေ သေကြောင်းကြံမှု အများဆုံး ဖြစ်ခဲ့ပါတယ်။

အဆုံးစီရင်မှုတွေရဲ့ ထက်ဝက်ကျော်ဟာ သေနတ်ကို အသုံးပြုခဲ့ပြီး သတ်သေမှုတွေဟာ စစ်စခန်းတွေ၊ စစ်မြေပြင်တွေ၊ စစ်ရေးလေ့ကျင့်မှုကွင်းတွေ၊ နေအိမ်တွေမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲက ၄၃ ဦးဟာ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် လူငယ်တွေ ဖြစ်ပါတယ်။

စစ်မြေပြင်နဲ့ ဝေးကွာတဲ့ နေရာတွေမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့သူ အသက် ၂၅ နှစ်အောက် အမျိုးသား ၁၀၈ ဦးလည်း အခုစာရင်းထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သတ်သေခဲ့သူတွေထဲမှာ ရုရှားရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်ထဲဆွဲသွင်းခံရသူတွေလည်း ပါဝင်နိုင်တယ်လို့ Guardianက ဆိုပါတယ်။ တရားဝင် ပြဋ္ဌာန်းချက်တွေအရ အဲဒီလို လူသစ် စစ်မှုထမ်းတွေကို ရှေ့တန်း စစ်မြေပြင်တွေကို စေလွှတ်မှာ မဟုတ်ကြောင်း ရုရှားက ကြေညာထားပါတယ်။ ဒါပေမဲ့လည်း အဲဒီ လူသစ်တွေဟာ ရှေ့တန်းကို စေလွှတ်ခွင့်ရှိတဲ့ စစ်မှုထမ်း စာချုပ်တွေမှာ လက်မှတ်ထိုးဖို့ ဖိအားပေး ခံရတာတွေ ရှိနိုင်ကြောင်း Guardianက သုံးသပ်ထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ