နိုဝင်ဘာ-၂၄၊ ၂၀၂၆။နေ့သစ်/People’s Spring
စစ်တပ်မြို့တော် ပြင်ဦးလွင်ကမြေတွေကို ပုံစံမျိုးစုံနဲ့ သိမ်းယူပြီး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဟာ နာမည်ကျော်ဒီဇင်ဘာခြံကို ဖိအားပေးကာ ဝယ်လိုက်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။
“မအလ သားက ဝယ်သွားပြီ။ လက်ဆောင်ပေးမလား၊ ရောင်းမလားမေးတယ်ကြားတယ်။ ဟိုက အသိမ်းခံရမှာကြောက်တော့ ရောင်းလိုက်တယ်လို့ သိရတယ်။ ဈေးက ဘယ်လောက်ဆိုတာတော့ မသိရဘူး။ ခြံအကျယ်အရဆိုမြန်မာငွေနဲ့ကိုမဟုတ်လောက်ဘူး။ ဒေါ်လာနဲ့ကို ဝယ်ရမယ့် သဘောပဲ”လို့ ပြင်ဦးလွင်မြို့က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက People’s Spring ကိုပြောပါတယ်။
အခြားလုပ်ငန်းရှင်တဦးကလည်း ဒီဇင်ဘာခြံကို အောင်ပြည့်စုံက ကျပ်ငွေ ဘီလီယံ ၂၂၀၀ ကျော် (ဒေါ်လာ ၅ သန်းဝန်းကျင်) နဲ့ဝယ်သွားတာလို့ပြောပါတယ်။ဒါပေမယ့် အရောင်းအဝယ်လုပ်ခဲ့တဲ့ ငွေပမာဏကို လူထုနွေဦးကသီးခြားအတည်မပြုနိုင်သေးပါဘူး ။

Public Service Announcement
စစ်ခေါင်းဆောင်ရဲ့သားကဒီဇင်ဘာခြံကို ဝယ်ယူပြီး ဂေါက်ကွင်း၊ ကစားကွင်းတွေပါတဲ့ စီမံကိန်းအဖြစ် ပြန်လည်ပြုပြင် လုပ်ကိုင်မယ်လို့ သိရကြောင်း ၎င်းက ဆက်ပြောပါတယ်။
ဒီဇင်ဘာခြံဟာ နွားနို့ နဲ့ စတော်ဘယ်ရီဖျော်ရည် ရောင်းချရာမှာ နာမည်ကြီးပြီး ပန်းခြံတွေ၊ ရေတံခွန်တွေပါ ထည့်သွင်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ကို သွားရောက်လည်ပတ်သူအများစုဟာ ဒီဇင်ဘာခြံကို အရောက်သွားလေ့ရှိပါတယ်။
ပြင်ဦးလွင်မြို့က နာမည်ကျော် ဒီဇင်ဘာခြံဟာ အကျယ်အဝန်း ၁၃၈ ဧကရှိပါတယ်။ ဒီဇင်ဘာခြံအတွင်း ရေတံခွန်၊ စမ်းချောင်း၊ ပန်းအလှပင်တွေ ၊ ကြိုးတံတားတွေ၊ ကလေးကစားကွင်းနဲ့ စားသောက်ဆိုင်တွေ ပါဝင်ပြီး ဝင်ကြေးအဖြစ်လည်း ကောက်ခံပါတယ်။
ဒီဇင်ဘာခြံကို ၂၀၀၃ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီပါတယ်။ ဒီဇင်ဘာခြံကို ပြင်ဦးလွင်မြို့ခံ လုပ်ငန်းရှင်တဦးက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီဟာ ပြင်ဦးလွင်မြို့ သုံးတောင်ကျေးရွာက ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းမှာ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းဖွင့်ပွဲလုပ်ခဲ့ပြီး မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲပြီးနောက် မြေဧက ၁၀၀၀ သိမ်းယူကာ မြို့သစ်စီမံကိန်း စတင်နေတာလို့ စုံစမ်းသိရပါတယ်။ အဲဒီ စီမံကိန်းကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတာလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို မကြာခဏလာရောက်ပြီး ဈေးတွေဖျက်ပြီး အသစ်ဆောက်ခိုင်းသလို စီမံကိန်းအသစ်တွေ ကိုလည်း ဆက်တိုက်လုပ်နေပါတယ်။

























































