Connect with us

Hi, what are you looking for?

သတင်း

PDFတပ်မှူးကြီးများအစည်းအဝေး ၅ ရက်ကြာပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ တပ်မှူးကြီးများ အစည်းအဝေးကိုဖေဖော်ဝါရီလအတွင်းမှာ ၅ရက်ကြာကျင်းပခဲ့ပါတယ်။

(အမှတ်(၁)စစ်ဒသမှ PDF တပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ)

■အဆုံးအဖြတ်ထိုးစစ်အတွက်တပ်တည်ဆောက်ရေး နဲ့ စစ်ရေး ပြင်ဆင်မှုတွေ ဆွေးနွေး

ဖေဖော်ဝါရီ-၈၊၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ တပ်မှူးကြီးများ အစည်းအဝေးကိုဖေဖော်ဝါရီလအတွင်းမှာ ၅ရက်ကြာကျင်းပခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးနည်းနဲ့ တိုက်ပွဲဝင်ဖို့ အပါအဝင်စစ်အခြေခံ သဘောတရားတွေ ဆွေးနွေးတာ စစ်ရေးသုံးသပ်တာ၊ ၂၀၂၅ အတွက် ရည်မှန်းချက်တွေ ချမှတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်ကဖေဖော်ဝါရီ ၈ရက်မှာထုတ်ပြန်တာပါ။

Public Service Announcement

Public Service Announcement

၂၀၂၆ မှာပထမဆုံးအကြိမ်ကျင်းပတဲ့တပ်မှူးကြီးများ အစည်းအဝေးကို စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်နဲ့ စစ်ရုံးချုပ် တာဝန်ရှိသူတွေ၊အမှတ်(၁)စစ်ဒေသ စစ်ဒေသမှူး၊ တိုင်းစစ်ဌာန (၁၀)ခုနဲ့ အထူးလှုပ်ရှားတပ်မတို့မှတပ်မှူးကြီးတွေ၊ကွပ်ကဲရေး အဖွဲ့ဝင်တွေ၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်က တာဝန်ရှိသူတွေ စုစုပေါင်း ၁၀၀ ဦးကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“တပ်မှူးကြီးများအစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းတွင် စစ်ဦးစီးချုပ်က တပ်မှူးကြီးများအနေဖြင့် တပ်တည်ဆောက်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်ပြီး အဆုံးအဖြတ်ထိုးစစ်သို့ တက်လှမ်း နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်း၍ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။ PDFစစ်ဦးစီးချုပ်ဟာကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရည်မွန်ဖြစ်ပါတယ်။

အစည်းအဝေးမှာ အလေးပေး ဆွေးနွေးခဲ့ကြတာက စစ်အခြေခံသဘောတရား ၈ချက်၊ စစ်ရေးသုံးသပ်ချက် နဲ့ ၂၀၂၆ ရည်မှန်းချက် ၃ချက် ရှိတယ်လို့ဖော်ပြထားပါတယ်။

စစ်အခြေခံသဘောတရားများ(Military Doctrine) နဲ့ပတ်သက်ပြီး ပထမအကြိမ်တပ်မှူးကြီးများ အစည်းအဝေးရဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်တွေအရ ယခုအစည်းအဝေးမှာတပ်တည်ဆောက်ရေးအတွက် အခြေခံတွေကို ဆွေးနွေးခဲ့ကြပြီးတပ်မတော်တရပ်လုံး ကျင့်သုံးဆောင်ရွက်နိုင်ရေး လေ့ကျင့်ရေးအစီအစဉ်တွေမှာ ထည့်သွင်းနိုင်ရေး အပါအဝင် ရှေ့လုပ်ငန်းစဉ်တွေဆွေးနွေးချမှတ်ခဲ့ဟု အသိပေးပါတယ်။

ဆွေးနွေးခဲ့တဲ့ စစ်အခြေခံသဘောတရားတွေကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သမိုင်းပေးတာဝန် (၃) ရပ်ဖြစ်တဲ့စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးနည်းဖြင့် တိုက်ပွဲဝင်ဖို့၊ ပြည်ထောင်စုနဲ့ ပြည်သူလူထုအပေါ်ကျရောက်လာမယ့် ရန်စွယ်ဟူသမျှ ကာကွယ်စောင့်ရှောက်ဖို့၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရဲ့ လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲမှု (SSR)နဲ့ တည်ဆောက်မှု လုပ်ငန်းတွေမှာပါဝင်ဖို့အချက်တွေဖြစ်ပါတယ်။

ဒါ့အပြင် စစ်ပွဲဆိုင်ရာအခြေခံနိယာမ (၁၅) ချက် ကိုလည်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် စစ်အောင်နိုင်ရာသော အကြောင်း ကြီးများဖြစ်တဲ့ “ရည်မှန်းချက်ရှိမှု၊ တိုက်စစ်ဆင်မှု၊ အင်အားစုစည်းမှု၊ အင်အားခွဲဝေစီမံထိရောက်စေမှု၊ စစ်ကစားမှု၊ ကွပ်ကဲမှု တစုတစည်းတည်း ဖြစ်မှု၊ လုံခြုံမှု၊ အလစ်အငိုက်ရယူမှု၊ ရိုးရှင်းမှု၊ တရားဝင်မှု၊ စိတ်ဓာတ် တည်ဆောက်ထိန်းသိမ်းမှု၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ သတင်းနှင့် စိတ်ဓာတ်စစ်ဆင်မှု၊ လိုက်လျောညီထွေဖြစ်မှု၊ မဟာမိတ်ဖွဲ့မှုစတဲ့ စစ်ပွဲဆိုင်ရာ အခြေခံ နိယာမတွေကို ဆွေးနွေးခဲ့ကြောင်း အသိပေးပါတယ်။

ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးမှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ရန်သူအကြမ်းဖက်စစ်တပ်ကိုရင်ဆိုင်ရာမှာပြည်သူ့စစ်မဟာဗျူဟာအပေါ်အခြေခံ၍ အချိုးမညီစစ်ပွဲ၊ သမား ရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေ ပါဝင်တဲ့ ပေါင်းစပ်စစ်ပွဲ (Hybrid Warfare) အခြေခံသဘောတရားတွေကိုကျင့်သုံးပြီး မဟာဗျူဟာ ခုခံစစ်အဆင့်၊ မဟာဗျူဟာမျှခြေအဆင့်နဲ့ မဟာဗျူဟာတန်ပြန်ထိုးစစ် အဆင့်တို့ကိုအဆင့်ဆင့်ဆောင်ရွက်လျက်ရှိရာလက်ရှိကာလဟာ အဆုံးသတ် တိုက်ပွဲဖော်ဆောင် တက်လှမ်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြတဲ့ ကာလဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကွပ်ကဲမှုနဲ့ စစ်ဦးစီးစနစ် နဲ့ပတ်သက်ပြီး ရည်မှန်းချက်ပေးကွပ်ကဲမှု သို့မဟုတ် မစ်ရှင်ကွပ်ကဲမှု (Mission Command) ဟူသည့် ကွပ်ကဲမှုအခြေခံဒဿနကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပင်မ ကွပ်ကဲမှုဒဿနအဖြစ် ကျင့်သုံးလျက်ရှိပြီး စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးဟူသော အခြေခံစစ်ဦးစီးလုပ်ငန်း (၅) ရပ်ကို ကွပ်ကဲမှုအဆင့်ဆင့် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် လည်ပတ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း အသိပေးပါတယ်။

ဒါ့အပြင်စစ်ဘက်ခေါင်းဆောင်မှု နဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ခေါင်းဆောင်တွေ လက်တွေ့ လိုက်နာကျင့်သုံးရမယ့် အခြေခံမူ (၁၁) ချက်ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တပ်တည်ဆောက်ရေးလုပ်ငန်းကြီးတွေနဲ့ပတ်သက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်တည်ဆောက်ရေးလုပ်ငန်းကြီးများအဖြစ် “စိတ်ဓာတ်ဖြင့် တည်ဆောက်၊ လေ့ကျင့်ရေးဖြင့် တည်ဆောက်၊ စည်းကမ်းဖြင့် တည်ဆောက်၊ ရဲဘော်ရဲဘက်စိတ်ဖြင့် တည်ဆောက်၊ နည်းပညာဖြင့် တည်ဆောက်” စတဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၅) ရပ်ကို ဆွေးနွေးချမှတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အခြေခံစွမ်းရည် (၅) ရပ်ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ မဖြစ်မနေရှိရမှာဖြစ်ပြီး အဲဒါတွေက တိုက်ခိုက်ရေးစွမ်းရည်၊ နည်းပညာစွမ်းရည်၊ စီမံအုပ်ချုပ်ရေး စွမ်းရည်၊ ပူးပေါင်းဆောင်ရွက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် တို့ဖြစ်ကာ အဲဒီ အခြေခံစွမ်းရည် (၅) ရပ်ကို ဆွေးနွေးဆုံးဖြတ် သတ်မှတ်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ညီညွတ်မှု (၃) ရပ် ဖြစ်တဲ့ တော်လှန်ရေးအောင်မြင်မှုအတွက် အရေးကြီးတဲ့ ကွပ်ကဲမှု ညီညွတ်ခြင်း၊ နိုင်ငံရေးညီညွတ်ခြင်း မဟာဗျူဟာနဲ့ ကြိုးပမ်းအားထုတ်မှုညီညွတ်ခြင်းစတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ရေးသုံးသပ်ချက်နဲ့ ၂ဝ၂၆ ခုနှစ်ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးနိုင်ငံလုံးဆိုင်ရာထောက်လှမ်းရေးမှန်းခြေအပေါ် ဆွေးနွေးမှုများ၊ တပ်မှူးကြီးတွေရဲ့ တိုင်းစစ်ဌာန၊ တပ်မအလိုက် ဆွေးနွေးတင်ပြချက်များ၊ စစ်ရုံးချုပ် စစ်ဦးစီးဌာနများ၊ ရုံးများရဲ့ ဆွေးနွေးတင်ပြချက်များ၊ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်တို့ရဲ့ဆွေးနွေးလမ်းညွှန်ချက်များတွေကို ဆွေးနွေးဖော်ထုတ်ခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒါတွေက လွန်ခဲ့တဲ့တနှစ်တာအတွင်း ရရှိခဲ့တဲ့ စစ်ရေး အောင်ပွဲတွေနဲ့ အားနည်းချက် အားသာချက်တွေပါဝင်တဲ့ ၂၀၂၅ ခုနှစ် စစ်ရေးသုံးသပ်ချက် ၊ ပထမအကြိမ် တပ်မှူးကြီးများ အစည်းအဝေးမှ အစပြုချမှတ်ခဲ့သော စစ်မဟာ ဗျူဟာနဲ့ အညီ ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် စစ်ရေးရည်မှန်းချက်တွေနဲ့ အစီအစဉ်တွေ၊ တော်လှန်ရေးကို အောင်ပွဲသို့ အမြန်ဆုံးရောက်ရှိစေမယ့် အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမယ့် တပ်တည်ဆောက်ရေးနဲ့ စစ်ရေးပြင်ဆင်မှု လုပ်ငန်းစဉ်များဖြစ်ကြောင်း စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၆ ဇန်နဝါရီ ၁ရက်က ထုတ်ပြန်တဲ့ ၂၀၂၅ စစ်ရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာစစ်ကာလနိုင်ငံရေးဟာ စစ်အောင်နိုင်ရေး ဖြစ်တယ်လို့ ယုံကြည်တာနဲ့အညီ နိုင်ငံရေးနဲ့ စစ်ဗျူဟာများ မှန်ကန်စေရန် ကြိုးပမ်းပြီး မဟာမိတ်တွေနဲ့ မဟာဗျူဟာမြောက် စုစည်းညီညွတ်မှုကိုတည်ဆောက်သွားမည်ဖြစ်ကြောင်းဖော်ပြကာမဟာဗျူဟာထိုးစစ် အဆင့်တက်လှမ်းနိုင်ရေးအားစိုက်သွားမယ်လို့ အသိပေးထားပါတယ်။

ဒေသအလိုက်လွတ်မြောက်မှုမှသည် တပြည်လုံးလွတ်မြောက်ရေး ကြိုးပမ်းမယ်လို့လည်း NUG ကာကွယ်ရေးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

Facebook