ဖေဖော်ဝါရီ-၁၂၊ ၂၀၂၆ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာက မင်္ဂလာဆောင်ကျင်းပရာအနီးကို စစ်တပ်က တစ်ရက်တည်း လေကြောင်း နှစ်ကြိမ် တိုက်ခိုက် လို့ အရပ်သား ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦး စိုးရိမ်ရတယ်လို့ မြောင်တိုက် ဂါး(TGR) သတင်းမှန်ပြန်ကြားရေးရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီ ၁၁ရက် နေ့လယ် ၁နာရီဝန်းကျင်က မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်လို့ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်တစ်လုံးပျက်စီးကြောင်း မြောင်တိုက်ဂါး(TGR)သတင်းမှန်ပြန်ကြားရေးရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ည ၈နာရီခန့်ကလည်း ပါရာမော်တာတစ်စီးနဲ့ ဇရပ်ကုန်းကျေးရွာကိုပဲ ထပ်မံတိုက်ခိုက်လို့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တစ်ဦးစိုးရိမ်ရကြောင်း ၎င်းက ပြောပါတယ်။

Public Service Announcement
“ကြဲခံရတဲ့ ဇရပ်ကုန်းရွာမှာ မင်္ဂလာဆောင် နှစ်ပွဲရှိပါတယ်။ မင်္ဂလာဆောင်ပွဲနားလေး လာကြဲတာ။မင်္ဂလာဆောင်တော့ မထိဘူး။ မုံရွာ နမခကနေ တက်တက်ချင်း သတင်းရတော့ စက်တွေပိတ်ပြီး ဗုံးခိုကျင်းထဲ အကုန်ဝင်နေကြတာပါ။ တိုက်ပွဲမရှိပါဘူး။ သက်သက်ကြီး လာကြဲတာပါ။”လို့ မြောင်တိုက်ဂါး(TGR)သတင်းမှန်ပြန်ကြားရေးရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အိမ်မွေးနွား ၃ကောင် ထိမှန်ပြီး တစ်ကောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာနမခကနေ ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာတွေဟာ မုံရွာနဲ့ ချောင်းဦးမြို့နယ်တဝိုက်က ပြည်သူတွေ ကျေးရွာတွေကို မကြာခဏ လေကြောင်းကနေတိုက်ခိုက်နေပြီး ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။
မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်ကလည်း ဂျက်ဖိုက်တာနဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သား ၁၁ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဇရပ်ကုန်းကျေးရွာဟာ မြောင်မြို့ အနောက်ဘက် ၈ မိုင်ခန့်အကွာမှာတည်ရှိပြီး အိမ်ခြေတထောင်ခန့်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄အောက်တိုဘာ ၂၃ ရက်ကလည်း ဇရပ်ကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။ ၂၀၂၂ အတွင်းကလည်း ဇရပ်ကုန်းကျေးရွာဟာ စစ်တပ်ရဲ့ မီးရှိူ့ဖျက်ဆီးခြင်း ခံခဲ့ရပါသေးတယ်။


















































