ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်မှာကျန်နေတဲ့ စစ်ကောင်စီတပ် ခလရ(၅၈)တပ်ရင်းသိမ်းနိုင်ဖို့ KIAက ကြိုးပမ်းနေတဲ့ သတင်းတွေ၊ စစ်ကောင်စီက ဝိုင်းမော်မြို့ဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကချင်ဒေသ စစ်ရေးအခြေအနေကို ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ရက် မနက်မှာ အခုလို ဖြေကြားပေးတာဖြစ်ပါတယ်။
” ဝိုင်းမော် ခလရ(၅၈) ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဆက်ဖြစ်တာ ၃ရက်လောက်ရှိပါပြီ။ သူတို့ လုံခြုံရေးတပ်တွေ ကာကင်းတပ်တွေမှာ ဖြစ်တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ခလရ(၅၈)ရဲ့ မြောက်ဘက်လောက်ကျမှာပါ။ သူတို့ ဌာနချုပ်နဲ့တော့ နည်းနည်းတော့ ဝေးတာပေါ့။ KIAနဲ့ ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ နေရာတွေကို သူတို့ ထိုးစစ်ဆင်လို့ သူတို့ ထိုးစစ်ဆင်လို့ တန်ပြန်ပြီးမှ ပစ်ခတ်နေတဲ့ တိုက်ပွဲဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement
ဒေသခံသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက် အရ စစ်ကောင်စီတပ်ဟာ ဒီမနက်မှာ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ရဲတပ်ရင်း(၃၀) နေရာတွေကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့ ဆက်သွယ် ထားတဲ့ ဗလမင်းထင်တံတားမှာလည်း စစ်ကောင်စီ တပ်နဲ့ရဲ အင်အားတွေ ပိုမိုဖြည့်တင်းထားတာ တွေ့ရတယ်လို့လည်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
KIA ပူးပေါင်းတပ်ဟာ အခု ဖေဖော်ဝါရီလအတွင်းတိုက်ပွဲမှာ ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်းအချို့ကို သိမ်းပိုက်ရရှိထားပါတယ်။ဒါ့အပြင် ဝိုင်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေ ဖမ်းမိတာ၊ လက်နက်တွေရတာတွေလည်း ရှိပါတယ်။


















































