ဖေဖော်ဝါရီ ၁၃၊၂၀၂၆။ သုည/People’s Spring
ရန်ကုန်မြို့၊ တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်မှာ ဒီကနေ့ (ဖေဖော်ဝါရီ ၁၃) ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် ၃လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
ဒီကနေ့ ည ၈ နာရီ ၄၇ မိနစ်မှာ တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက် စက်မှု (၁)လမ်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ည ၉ နာရီ ၉မိနစ်ခန့်မှာ မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

“မီးက လောင်တာ တော်တော်များများတယ်။ မီးညွန့်တွေကို ရန်ကင်းဘက်က လူတွေတောင် မြင်ရတယ်။ လောင်တာတော့ နာရီဝက်လောက်ပဲကြာတယ်။ ဒါပေမယ့် စက်မှု (၁) ဘက်က ပျဉ်ထောင်အိမ်နဲ့ ကားဝပ်ရှော့ အသေးလေးတွေ ရှိတော့ မီးကူးမြန်တာလို့ ထင်ပါတယ်။ ဘေးနားက ဆောက်လက်စ ကန်ထရိုက်တာကိုလည်း မီးစွဲသွားတယ်။ နေအိမ်ကတော့ ၃ လုံးလောက် ပြာကျသွားတယ်။ မီးဖိုကနေ ဝါယာရှော့ဖြစ်တာလို့တော့ ကြားပါတယ်” လို့ မေတ္တာညွန့်ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။

Public Service Announcement
ယင်းမီးလောင်မှုမှာ နေအိမ် ၃လုံးခန့် ပျက်စီးဆုံးရှုံးသွားပေမယ့် လူထိခိုက်မှု မရှိဘူးလို့ သွားရောက်ကူညီခဲ့သူ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လောင်တဲ့အိမ်တွေကတော့ ပြာကျသွားပေမယ့် လူတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိပါဘူး။ ဘေးကင်းပါတယ်။ အိမ်တွေကတော့ ဘာမှတောင် ပြန်ရလိုက်မယ် မထင်ဘူး။ အကုန်ကုန်သွားပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းကလည်း ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အဝိုင်းကြီး ကားမှတ်တိုင်အနီးမှာလည်း YBS-42 ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ်မှာလည်း ဒီကနေ့ နေ့လည်က မီးလောင်မှုဖြစ်ခဲ့သလို မှော်ဘီနဲ့ တိုက်ကြီးမြို့မှာလည်း ကိုင်းတောမီးလောင်မှုတွေဖြစ်ခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MFSD


















































