စစ်တပ်မီးရှို့မှုကြောင့် နေအိမ် ၃၀ကျော် ပြာကျ
ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ပစ်ခတ်မီးရှို့မှုတွေကြောင့် ပြည်သူ တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရပြီး နေအိမ် ၃၀ကျော် ပြာကျခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက ရေစကြိုမြို့နယ် အခြေစိုက် ခလရ(၂၅၈)တပ်ရင်းနဲ့ မြိုပေါ်အခြေစိုက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အင်အားတစ်ရာဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာခဲ့ပါတယ်။

Public Service Announcement

အဲဒီနောက် လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ မုံညင်းကျေးရွာအတွင်း လက်နက်ကြီးတစ်လုံးကျပြီး အသက် (၆၂)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးကာ အခြား ပြည်သူ သုံးဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။
“လက်နက်ကြီးတွေနဲ့ တောက်လျှောက်ထုလို့လည်း ရွာထဲက ဝက်တွေတို့ နွားတွေတို့ တော်တော်များများ သေဆုံးတာရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ သမန္တပို့ကျေးရွာလည်းဝင်ရောက်ပြီး နေအိမ်တွေကနေ ပစ္စည်းတွေ သိမ်းဆည်းယူဆောင်ခဲ့ကြောင်း၊ အဲဒီနောက် ကျေးရွာကို မီးတင်ရှို့လို့ အလယ်ရွာက နေအိမ် ၂၅ လုံး၊ တောင်ရွာက နေအိမ် ၉ လုံး၊ စုစုပေါင်း ပြည်သူ့နေအိမ် ၃၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။
“သမန္တပို့ကျေးရွာက ရေစကြိုမြို့ရဲ့ တောင်ဘက်မှာရှိတာ။ မုံညင်းရွာကထိခိုက်သူတွေကတော့ အသက်အန္တရာယ်ထိတော့ မစိုးရိမ်ရဘူးလို့ သိရတယ်”လို့ ကော်မတီတာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေပါ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။


















































