ဖေဖော်ဝါရီ-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတန်းအတွင်းဝင် ဒေါ်ကြည်ပြာ တိုင်ကြားခံရတဲ့ ဖြစ်စဉ်မှာ အဂတိလိုက်စားမှု မတွေ့ရသလို ရာထူးက ထုတ်ပယ်လောက်တဲ့အချက်တွေ မတွေ့ရကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအမိန့်စာဟာ အပေါ်ယံဆန်ပြီး တိုင်ကြားမှု အကြောင်းအရာများ၊ အမှန်တရားနဲ့ အဖြစ်အပျက်များကို ဖော်ထုတ်ထင်ဟပ်ခြင်းမရှိတဲ့ စာဖြစ်ကြောင်း ဒေါ်ကြည်ပြာကို တိုင်ကြားခဲ့သူတွေက တုန့်ပြန်ပါတယ်။
ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ဟာ မလျော်ကန်တဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက၂၀၂၅ခုနှစ်နိုဝင်ဘာလလယ်မှာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

Public Service Announcement
တိုင်ကြားသူ ၁၂ဦးက ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းတို့အပေါ် အဂတိ လိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေးချိုးဖာက်မှု တို့အတွက် ထိရောက်စွာ အရေးယူဖို့ နိုဝင်ဘာ ၁၉ရက်မှာ တိုင်ကြားခဲ့တာကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ရာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်လို့ တိုင်ကြားသူတွဘက်က သက်သေပြနိုင်ခြင်းမရှိကြာင်း၊ တိုင်ကြားခံရသူဘက်က ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားများ၊ စစ်ရင်းစစ် အစီရင်ခံစာတွေ တင်ပြခဲ့ကြောင်း ဝန်ကြီးချုပ်ရဲ့ အမိန့်စာမှာ ပါရှိပြီး NUG စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ နဲ့ ပြင်ပ စာရင်းစစ် တင်ပြချက်တွ အရ အဂတိ လိုက်စားမှု မတွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒေါ်ကြည်ပြာ အနေနဲ့ ဝန်ထမ်းတွေ အပေါ် ဆက်ဆံရာမှာ ချိုသာစွာပြောဆိုဆက်ဆံမှု မရှိတာကို တွေ့ရလို့ ဒေါ်ကြည်ပြာ အနေနဲ့ နောက်နောင်မှာ ဝန်ထမ်းတွေ အပေါ် ချိုသာစွာ ပြောဆိုဆက်ဆံဖို့ ပြင်းထန်စွာ သတိပေးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
အဲဒီစာဟာ အပေါ်ယံဆန်ပြီး လုံလောက်မှုမရှိကြောင်း တိုင်ကြားချက်တွေမှာ ပေါ်ပေါက်ပြီးဖြစ်တဲ့ အဂတိလိုက်စားမှုတွေ၊ အကျိုးစီးပွားပဋိပက္ခ ဖော်ဆောင်ကာ ဆွေမျိုးကောင်းစားရေးဝါဒ (Nepotism)ကျင့်သုံးနေမှုတွေ၊ အခွင့်အာဏာနဲ့ ပြည်သူဘဏ္ဍာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ် အမြတ်ထုတ်မှုတွေ စီမံခန့်ခွဲမှုညံ့ဖျင်းမှုတွေနဲ့ ရုံးတွင်းလိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု၊ ဝန်ထမ်းတွေကို ခြိမ်းခြောက်နှောင့်ယှက်မှုတွေ စတဲ့ အာဏာရှင်စရိုက်များ ကျင့်သုံးထွန်းကားနေမှုတွေ တိုင်ကြားမှုများ ပါဝင်ခဲ့တယ်လို့ တိုင်ကြားသူတွေက တုန့်ပြန်ပါတယ်။
“ဒီနေ့မှာတော့ ကျွန်တော်/ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေ ဝေဝါးသွားခဲ့ပါပြီ။ အစိုးရရဲ့ အခုထုတ်ပြန်ချက်ဟာ ကျွန်တော်/ကျွန်မတို့ တင်ပြခဲ့တဲ့ လက်တွေ့မြေပြင်က အဖြစ်မှန်တွေနဲ့ ကွဲလွဲနေတာကို ဝမ်းနည်းစွာ တွေ့ရှိရပါတယ်။ အခုလို အချိန် (၃) လကြာမြင့်ခဲ့ပြီး အဖြူအမဲ သဲသဲကွဲကွဲ မရှိဘဲ ပြီးစလွယ် ဆုံးဖြတ်ချက်မျိုးအတွက်တော်လှန်ရေးအတွက် အရေးကြီးတဲ့ ဖြောင့်မတ်မှုနဲ့ တရားမျှတမှုကို ထိခိုက်စေပါတယ်”လို့လည်း တိုင်ကြားသူတွေက ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ အမိန့်စာဟာ အပေါ်က တိုင်ကြားမှုတွေနဲ့ အကျုံးဝင်ခြင်းမရှိတဲ့ တုန့်ပြန်စာ ဖြစ်တယ်လို့လည်း တိုင်ကြားသူတွေက ဆိုပါတယ်။ ဒါကြောင့် ပြည်သူများ ဆုံးဖြတ်နိုင်ဖို့ သက်သေအထောက်အထားများအား ပြည်သူ့ထံသို့ မချွင်းမချန် တင်ပြကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ “ကြည်ပြာ၏ အဂတိ လိုက်စားမှုအား ဖော်ထုတ်သူများ” ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အသိပေးပြီး တိုင်ကြားမှုတလျှောက် အဖြစ်အပျက် မှတ်တမ်းကို ဖော်ပြခဲ့ပါတယ်။ သက်သေများ၊ အဖြစ်အပျက်များကို ချပြနိုင်ဖို့ အချိန် ခေတ္တ စောင့်ဆိုင်းပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
“ကျွန်တော်/ကျွန်မတို့ (၁၂) ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အကြပ်ရိုက်စေချင်လို့ အခုလို တိုင်ကြားခဲ့ကြတာ မဟုတ်ပါဘူး။ အမှန်တကယ်တော့ အစိုးရရဲ့ ပုံရိပ်ကို အတွင်းကနေ ပုပ်အောင်လုပ်နေတဲ့ အနာအစာတွေကို ခေါင်းဆောင်တွေ သိရှိနားလည်ပြီး ပြုပြင်နိုင်ဖို့၊ ကျောသားရင်သား မခွဲခြားတဲ့ သန့်ရှင်းတဲ့အစိုးရ၊ အမှန်တရားနဲ့ ဓမ္မအပေါ်မှာပဲ အခြေခံတဲ့ အစိုးရတစ်ရပ် ဖြစ်စေချင်တဲ့ စေတနာအရင်းခံနဲ့ တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်”လို့လည်း တိုင်ကြားသူတွေက တုန့်ပြန်ပါတယ်။
စစ်အာဏာရှင်ကို တွန်းလှန်နေချိန်မှာပဲ တော်လှန်ရေးအစိုးရ ယန္တရားအတွင်းမှာ အာဏာရှင်ဆန်တဲ့ အမူအကျင့်တွေ၊ အုပ်စုဖွဲ့ ဝါဒတွေနဲ့ ကျင့်ဝတ်သိက္ခာ အားနည်းမှုတွေကို မျက်ကွယ်ပြုထားမယ်ဆိုရင်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း ရေးသားထားပါတယ်။
တိုင်ကြားမှုမှာ ပါဝင်သူတဦးကို People’s Springက ဒီကနေ့ ဆက်သွယ်ပြီး သဘောထား မှတ်ချက် မေးမြန်းတဲ့အခါ“ကျနော်တို့ကတော့ ဒီအရေးယူမှုက လုံလောက်မှု မရှိတဲ့ အရေးယူမှုလို့ထင်တယ်” လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ရုံးသို့ တိုင်ကြားစာ ပေးပို့ခြင်းမရှိ ဆိုတဲ့ အချက်အား ထပ်မံ ဖော်ပြလာခြင်းဟာ ဟာသဆန်ကြောင်းနဲ့ မကြည်ပြာက ဝန်ကြီးချုပ်ရုံးကို ကိုင်တွယ်ထားတဲ့ အခြေအနေမှာ တိုင်ကြားစာကို ဝန်ကြီးချုပ်ရုံးသို့ မပို့ခဲ့ခြင်းဖြစ်ကြောင်းသူကရှင်းပြပါတယ်။
“ ဒါပေမဲ့ ကျနော်တို့က ဝန်ကြီးတပါးဖြစ်တဲ့ ဦးတင်ထွန်းနိုင်ကို ပေးပြီးတော့ ဒါ ဝန်ကြီးချုပ်ဆီ ပို့ပေးပါလို့ ပြောခဲ့တယ်။ (၂)ကကျတော့ သမ္မတတို့ ဦးအောင်ကြည်ညွန့်တို့ဆီ ပို့တယ်လေ။ အဲဒါဆိုရင် NUGက အရေးယူ ဆောင်ရွက်ပေးရမှာပေါ့။ နောက်တခုက တော်တော်များများ ပြောနေကြတယ် တိုင်စာထဲမှာ sexual harassment ကိစ္စ မပါဘူး။ ဒါက ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို ကျနော်တို့ Victim ပေါ့လေ Victimကို ထိခိုက်နစ်နာမှု အနည်းနိုင်ဆုံးဖြစ်အောင် ကျနော်တို့ကကြိုးစားပြီးတော့sexual harassment ကိစ္စကို မထည့်ဘဲနဲ့ စုံစမ်းစစ်ဆေးရေး ဖြစ်တဲ့ အချိန်ကျမှ ကျနော်တို့က ဖော်ထုတ် ပြောကြားခဲ့တာပေါ့နော်။ ဒီလိုမျိုး ကိစ္စတွေ ဘာမှ အရေးယူမှု မရှိဘူး။ ပြီးတော့ ကျနော်တို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပေါ့လေ။ NLD အစိုးရက ပြဌာန်းခဲ့တဲ့ ဥပဒေရဲ့ အပိုဒ် ၃(က)ကို ကြည့် လိုက်ပေါ့လေ။ ကိုယ့်ရဲ့ အာဏာကို အလွှဲသုံးစားလုပ်ပြီး ကိုယ့်ရဲ့ ရာထူးအာဏာနဲ့ မလျော်ဩဇာသုံးပြီး တော့မှ ကိုယ့်မိသားစုဝင်တွေ ဝန်ထမ်းအဖြစ်နဲ့ ခန့်အပ်ခဲ့တယ်ဆိုရင် ဒါသည် အဂတိ လိုက်စားမှု မြောက်မမြောက်ဆိုတာ အတိအလင်း ဖော်ပြထားပြီးသားပေါ့။ ဒီလိုမျိုးထင်ရှားတဲ့ အကြောင်းအရာတွေ အကုန်လုံးကို ဘာမှ တုန့်ပြန်မှု မပေးထားဘဲ ဒီလိုမျိုးကြီး ပေါ့ပေါ့တန်တန် ထုတ်ပြန်လာတဲ့ အခြေအနေကတော့ ကျနော်တို့ ဘာမှ လက်ခံနိုင်စရာမရှိဘူး” လို့ သူက ပြောပါတယ်။
အမြင့်ဆုံး အာဏာပိုင်တွေနဲ့ တိုင်ကြားဆောင်ရွက်ပြီးဖြစ်လို့ နောက်တဆင့်က မူလအာဏာပိုင်တွေဖြစ်တဲ့ လူထုရဲ့ အဆုံးအဖြတ် ခံယူဖို့သာရှိတယ်လို့ သူကဆက်ပြောပါတယ်။
တိုင်ကြားခံရတဲ့ ဒေါ်ကြည်ပြာကတော့ အခုလို တိုင်ကြားတာဟာ သေးငယ်တဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက် တခုကို အရင်းပြုပြီး စနစ်တကျစီစဉ်ထားတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ဖြစ်တယ်လို့ ၂၀၂၅ နိုဝင်ဘာ ၂၁ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားကာ နိုင်ငံရေးအရ တော်လှန်ရေး အခြေအနေတွေ အကဲဆတ်တဲ့ ကာလမှာ NUG ဝန်ကြီးချုပ်ရုံး ခေါင်းစဉ် နာမည်တပ်ပြီး လွဲမှားတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံရေး သိက္ခာ ချတာကို လက်မခံကြောင်း တုန့်ပြန်ထားပါတယ်။
တိုင်ကြားသူတွေက ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ တိုင်ကြားမှုဆိုင်ရာ စာအသွားအလာတွေအရ တိုင်ကြားစာစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလက်ရှိ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပြည်ထဲရေး ဝန်ကြီး ဦးလွင်ကိုလတ်၊ လူသားစာနာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လက်ရှိ ပညာရေးဝန်ကြီး ဂျာထွယ်ပန်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလစွမ်းဆောင်ရည်မြှင့်ကော်မတီဝင် နော်စူစန်နာလှလှစိုး တို့ ပါဝင်တာကို တွေ့ရပါတယ်။
တိုင်ကြားသူတွေအနေနဲ့ တိုင်ကြားစာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ နော်စူစန်နာလှလှစိုး နဲ့ Zoom Link စီမံခန့်ခွဲသူ တွဲဖက်အတွင်းဝန် ဒေါ်ဂျူလိုင်တို့ဟာ ဒေါ်ကြည်ပြာနဲ့ ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးသူတွေ ဖြစ်လို့ ဆိုပြီး ကန့်ကွက်စာ ပေးပို့ခဲ့တာကိုလည်း တိုင်ကြားမှုဆိုင်ရာ စာအသွားအလာတွေအရ တွေ့ရပါတယ်။
စုံစမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဝန်ကြီးဒေါက်တာဇော်ဝေစိုးကလည်း “စုံစမ်းရေးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးကတည်းက ညစဉ် ၈နာရီမှ ၁၀နာရီအထိ သီးခြားအချိန်ပေးပြီး ဒီကိစ္စကို အမှန်တရား ပေါ်ပေါက်စေရေးအတွက်စုံစမ်းစစ်ဆေးလျက်ရှိပါတယ်”လို့ ၂၀၂၅ ဒီဇင်ဘာ လကုန်ပိုင်းက ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု စစ်ဆေးနေတဲ့ ဖြစ်စဉ်ကို အသိပေးခဲ့ပါတယ်။
တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရ သူ ၂ဦး၊ ကြားသက်သေ ၉ဦးကို အနည်းဆုံး ၁နာရီပေးပြီး နေ့စဉ်စစ်ဆေး ကြားနာလျက်ရှိတဲ့အပြင် ပစ္စည်းသက်သေ၊လူသက်သေများကိုလည်း စိစစ်စစ်ဆေးခဲ့တယ်လို့ဆိုခဲ့ပါတယ်။
ဒါ့အပြင် စာရင်းဇယားများနဲ့ပတ်သက်ပြီး အသေအချာ စိစစ်စစ်ဆေးလျက်ရှိကြောင်း အသိပေးပါတယ်။ အလှူရှင်အဖွဲ့တွေနဲ့ပတ်သက်နေတာဖြစ်လို့ အဲဒီ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ စာရင်းဇယားများ ရရှိနိုင်ရေး စစ်ဆေးနိုင်ရေးဆောင်ရွက်နေတာကြောင့် အချိန်တခု ယူရတာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးသစ္စာ၊ တော်လှန်ရေးကတိနဲ့အညီ အမှန်တရားဖော်ထုတ်နိုင်ရေး ဓမ္မ အမှန်တရားကိုရရှိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြည်သူကို အသိပေးခဲ့ပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာ အသက်ပေးနေတဲ့ ရဲဘော်တွေ ၊ ဘ၀ပေးနေတဲ့ CDM အတွက် အဂတိ လိုက်စားမှုကို လုံး၀ ခွင့်လွှတ်မှာ မဟုတ်ဘဲ အဂတိ တိုက်ဖျက်ရေး လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။


















































