တရုတ်နိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းတာမျိုး ရှိလာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရိပ်အမြွက် မှတ်ချက်ပေးခဲ့ပါတယ်။
မူလက ထရမ့်ဟာ အခုလကုန်မှာ တရုတ်ရဲ့ ဘေဂျင်းမြို့တော်ဆီ သွားရောက်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာတော့ အမေရိကန်ဟာ စစ်ပွဲကြောင့် ဟောမုဇ် ရေလက်ကြားကို ပိတ်ထားတဲ့ အီရန်ကို ကူညီ ဖိအားပေးဖို့ တရုတ်ကို တောင်းဆိုနေပါတယ်။
မတ်လ ၁၅ ရက်နေ့တုန်းက Financial Times သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က သူ့အနေနဲ့ ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေးမှာ တရုတ်ဆီက အကူအညီ ရမယ်လို့ မျှော်လင့်ထားကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ အဲဒီ ရည်မှန်းချက်ဟာ သူ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် မတိုင်ခင် လက်တွေ့ ဖြစ်မြောက်လာစေချင်တယ်လို့လည်း ထရမ့်က ပြောပါတယ်။
မတ်လ ၃၁ ရက်နေ့ကနေ ဧပြီ ၂ ရက်နေ့ထိ လျာထားတဲ့ ခရီးစဉ် မတိုင်ခင်မှာ အချိန်နှစ်ပတ်တောင် ရသေးကြောင်း၊ အမေရိကန် အနေနဲ့ အဲဒီမတိုင်ခင် တရုတ်ဆီက တိကျရှင်းလင်းတဲ့ အကြောင်းပြန်မှု တစ်ခုခုကို လိုချင်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
ပြီးတော့ ခရီးစဉ်ကို ရွှေ့ဆိုင်းထားတာမျိုးလည်း ဖြစ်သွားနိုင်တယ်လို့ ထရမ့်က ပြောခဲ့ပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။
ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဘေဂျင်းမှာ တွေ့ဆုံမယ့် နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေးအတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ တရုတ် ဘဏ္ဍာရေးဝန်ကြီး ဟီလိဖန်းတို့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကြိုတင် တွေ့ဆုံ ဆွေးနွေးအပြီး ထရမ့်က အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။ တရုတ်ကတော့ ထရမ့်ရဲ့ ဘေဂျင်းခရီးစဉ်အတွက် ရက်အတိအကျကို မကြေညာသေးပါဘူး။
ထရမ့်ဟာ သူ့ရဲ့ အမေရိကန် သမ္မတ ပထမသက်တမ်းအတွင်း ၂၀၁၇ တုန်းက ဘေဂျင်းကို ရောက်ရှိခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ဒါဟာ တရုတ်မှာ ပထမဆုံး ပြန်လည်ခြေချမှု ဖြစ်လာမှာပါ။ သူနဲ့ ရှီတို့ဟာ လွန်ခဲ့တဲ့ ၅ လတုန်းက တောင်ကိုရီးယားနိုင်ငံမှာ နောက်ဆုံးအကြိမ် တွေ့ဆုံထားပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရင် ဆွေးနွေးမယ့် အကြောင်းအရာတွေက ကြိုတင် စီစဉ် သတ်မှတ်ထားပြီး ဖြစ်တယ်လို့ လဆန်းပိုင်းမှာ ပြောကြားထားပါတယ်။
ထရမ့်က တရုတ်ဆီ တင်သွင်းတဲ့ ရေနံတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းနေရတဲ့အတွက် အဲဒီရေလမ်းကြောင်း ပြန်ပွင့်လာတာကို တရုတ်ကိုယ်တိုင်လည်း လိုလားလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် တရုတ်ဟာ အမျိုးသား အကျိုးစီးပွားအတွက် ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်ပေးကို ပူးပေါင်းပေးသင့်ကြောင်း ထရမ့်က ဆိုပါတယ်။
လေ့လာသူတွေကတော့ ဟောမုဇ် ရေလက်ကြားအပေါ် တရုတ်ရဲ့ မှီခိုထားရမှုဟာ ထရမ့်ပြောဆိုနေသလောက် အတိုင်းအတာ မကြီးမားတော့ဘူးလို့ သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်ဟာ စွမ်းအင်တင်သွင်းမှု ရင်းမြစ်တွေကို အများကြီး ဖြန့်ကျက်ပစ်နိုင်ခဲ့သလို မဟာဗျူဟာမြောက် သိုလှောင်သိမ်းဆည်းထားမှုတွေကိုလည်း ပမာဏ အလုံးအရင်းနဲ့ ထားရှိလာနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ကိုးကား: CNBC


















































