Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်ကို MNDAA ထိန်းချုပ်ပြီး​​နောက် နမ့်ခမ်းဘက်မှာတိုက်ပွဲဆက်ဖြစ်​နေ

ကွတ်ခိုင်မြို့ကို MNDAA ထိန်းချုပ်သွားပြီး​နောက်ပစ်ခတ်သံတွေငြိမ်သက်နေ​ပေမယ့် နမ့်ခမ်းမြို့နယ်ဘက်မှာ​​တော့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကွတ်ခိုင်မြို့တ​နေရာမှာမတ် ၁၄ ရက်ကTNLA အလံကို MNDAAတပ်ဖွဲ့ဝင်​တွေက ဖြုတ်ချစဥ်။ဓါတ်ပုံ-Screen Grab

မတ်-၁၆၊၂၀၂၆။အိမ်သွင်/People’s Spring

ကွတ်ခိုင်မြို့ကို MNDAA ထိန်းချုပ်သွားပြီး​နောက်ပစ်ခတ်သံတွေငြိမ်သက်နေ​ပေမယ့် နမ့်ခမ်းမြို့နယ်ဘက်မှာ​​တော့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

MNDAA နဲ့ TNLA တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ကွတ်ခိုင်မြို့မှာမတ်လ ၁၆ရက်မနက်အစောပိုင်းကစပြီး ပသ်ခတ်သံ​တွေမကြားရ​တော့ပဲ အခြေအနေတည်ငြိမ်နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“MNDAA က TNLA ရုပ်အလောင်းတချို့ကိုရှင်းပေးသွားတယ်။ TNLA တပ်စွဲထားတဲ့နေရာတချို့က အဆောက်အအုံတွေဘက်မှာတော့ အနံ့အသက်တွေထွက်နေတာရှိတယ်။ ပြည်သူတွေက ပုံမှန်အတိုင်း သွားလာနေပါတယ်။ ဈေးဆိုင်တချို့လည်း ဖွင့်ထားတယ်။ ခပ်ဝေးဝေးဘက်က လာတဲ့ လက်နက်ကြီးသံတော့ တခါတလေ ကြားရတယ်” လို့ ကွတ်ခိုင်မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ TNLAနဲ့ MNDAAက ကွတ်ခိုင်မြို့မှာ မတ်လ၁၄ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ MNDAAတပ်‌တွေဟာဒရုန်းအစီး ရေရာချီအသုံးပြုပြီး အင်အားအများအပြားနဲ့ ကွတ်ခိုင်မြို့နယ်မှာ TNLA တပ်စွဲထားတဲ့​နေရာအများစုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်းမြို့နယ် နဲ့ နမ့်ဖက်ကာက TNLAစခန်းတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ မတ် ၁၆ ရက်မနက်ပိုင်းမှာ​တော့ ပေါက်ကွဲသံတွေကို နမ့်ခမ်းမြို့နယ်ဘက်ကနေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

MNDAAတပ်ဖွဲ့ဝင်တွေနဲ့အတူ အာဏာသိမ်းစစ်တပ်လက်အောက်ခံဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း TNLAကို တိုက်ခိုက်တဲ့တိုက်ပွဲမှာ ပါနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။

“တိုက်ပွဲစတဲ့နေ့က မူဆယ် ၁၀၅ မိုင်ထဲကို MNDAA အဖွဲ့ဝင်တွေ ၆၀၀ လောက် ရုတ်တရက် ဝင်လာတာ။ ဌာနေပြည်သူ့စစ်တွေ MNDAAယူနီဖောင်းနဲ့ ဝင်လာတာ” လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။ ဒါ​ပေမယ့် ဒီအချက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါဘူး ။

ကွတ်ခိုင်မြို့ကို MNDAA ထိန်းချုပ်ပြီးနောက်ပိုင်း ဒီ‌နေ့မနက်မှာတော့မူဆယ်- ကွတ်ခိုင်-သိန္နီ- လားရှိုးလမ်းပွင့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီလမ်းပိုင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁၃ရက်နေ့ကTNLAနဲ့MNDAAဆက်ဆံရေးတင်းမာပြီးတဲ့နောက်ပိုင်း MNDAA ဘက်က ပိတ်ထားခဲ့တာဖြစ်ပါတယ်။

MNDAAနဲ့ TNLA တိုက်ပွဲဟာ ဒေသခံပြည်သူလူထုကို လုံခြုံရေးအရခြိမ်းခြောက်နေပြီးအပစ်ရပ်ကြဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်ကလည်းမတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တာမှာ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဟာ ဆယ်စုနှစ်ကျော်ကြာခိုင်မာခဲ့သော ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ပြီး ၎င်းတို့ ဦးဆောင်တဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ ညီနောင်သုံးဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းမှု တွေကြောင့် အောင်မြင်မှုရခဲ့တဲ့ ညီညွတ်မှုပြယုတ်ဖြစ်ကြောင်း၊ လက်ရှိ စစ်ရေးပဋိပက္ခတွေ ကြောင့် ပြည်သူလူထုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင် စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ ငြိမ်းချမ်းရေးသို့ ဦးတည်သည့် လမ်းကြောင်းတွေကို ထိခိုက်‌စေတယ်လို့ ဖော်ပြထားပါတယ်။

ဒ့ါအပြင်စစ်အာဏာရှင်အတွက် အခွင့်အလမ်းများဖြစ်ပေါ်စေနိုင်ပြီး နွေဦးတော်လှန်ရေးအတွက် များစွာစိန်ခေါ်မှု ဖြစ်စေနိုင်တာကြောင့်လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးကိစ္စရပ်ကို ချက်ခြင်းရပ်တန့်ပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကြဖို့၊ စစ်ရေးပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ဆက်တိုက်ခံစားခဲ့ရတဲ့ ပြည်သူလူထုကို မျက်နာမူပြီး ပြည်သူအသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ပေးဖို့၊စစ်ရေးပဋိပက္ခမှတစ်ဆင့် လူမျိုးရေးပဋိပက္ခသို့ ဦးတည်သည့်လုပ်ရပ်များကို ချက်ခြင်းရပ်တန့်ပေးကြဖို့၊အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို ဦးတည်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်တာဟာ TNLA ဘက်က ဦးစွာ သေနတ်ဖောက်ပြီး ပုံမှန်ကင်းလှည့်နေတဲ့တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်လို့ဆိုပြီး MNDAAက မတ်လ ၁၄ရက်မှာ ထုတ်ပြန်ထားပါတယ်။TNLA ကတော့ MNDAAဘက်ကနေ ထိုးစစ်စင်တိုက်ခိုက်လာတာဖြစ်ပြီးနှစ်ဘက်ဖြစ်ပွားနေတဲ့ပြဿနာတွေဟာ မိတ်ဖက်ပြဿနာလို့ သတ်မှတ်ဖြေရှင်းထားတဲ့အတွက် ပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့မဟာမိတ်တိုင်းရင်းသားညီနောင်အကြားဖြစ်ပေါ်တဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်​တွေကြား တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီးပန်ကြားချက်ထုတ်ပြန်ကာ တိုက်ပွဲများ ချက်ချင်းရပ်တန့်ဖို တောင်းဆိုထားပါတယ်။မိတ်ဖက်ပဋိပက္ခ အဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖိုလည်း NUCC က TNLAနဲ့ MNDAA တပ်ဖွဲ့တွေကိုမေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။