ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေး စစ်ရေးအရ ကူညီပေးဖို့ သူ့ရဲ့ တောင်းဆိုမှုကို မဟာမိတ် နိုင်ငံတော်တော်များများက ပယ်ချထားပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အကူအညီတွေ လာနေပြီလို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို ကြုံလာတဲ့နောက် အီရန်ဟာ ကြိုတင် ခြိမ်းခြောက်ထားတဲ့အတိုင်း နိုင်ငံရဲ့ တောင်ဖက် ကမ်းလွန်ရေပြင်မှာ ရှိနေတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ချပစ်ခဲ့ပြီး ဖြတ်သန်းသွားလာတဲ့ ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါတယ်။ ဟောမုဇ်ဟာ ကမ္ဘာ့ရေနံ တင်ပို့မှုမှာ အချက်အခြာ အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်ပြီး ဟောမုဇ် အပိတ်ခံရတဲ့အခါ နိုင်ငံတကာ ရေနံနဲ့ စွမ်းအင် တင်ပို့မှု ကွန်ရက်တွေမှာ အကြီးအကျယ် ရှုပ်ထွေးကုန်ပါတယ်။
အဲဒီနောက် ထရမ့်က ဟောမုဇ်ဟာ နိုင်ငံအများအပြားရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ နိုင်ငံတကာ ရေလမ်းကြောင်းတစ်ခု ဖြစ်နေတာကြောင့် အဲဒီရေလက်ကြားကို ပြန်ဖွင့်နိုင်အောင် ရေတပ်သင်္ဘောတွေ ကူညီ စေလွှတ်ပေးဖို့ မဟာမိတ် နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး အမေရိကန်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ တရုတ်ဆီက အကူအညီကိုပါ ထရမ့်က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကမှတော့ ထရမ့်ရဲ့ ဆန္ဒအတိုင်း ဟောမုဇ်ဆီကို စစ်သင်္ဘောတွေ စေလွှတ်ပေးဖို့ ကတိပေးမထားပါဘူး။
ဩစတြေးလျ၊ ဂျပန်၊ ပိုလန်၊ ဆွီဒင်နဲ့ စပိန်တို့က ရေတပ်သင်္ဘောတွေ ဟောမုဇ်ဆီ စေလွှတ်ပေးဖို့ အစီအစဉ် မရှိကြောင်း အတိအလင်း ပြောကြားထားပါတယ်။ နောက်တော့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီး ဘောရစ် ပစ္စတိုးရီးယက်စ်ကလည်း အီရန် ပြဿနာမှာ ဂျာမနီဟာ စစ်ရေးအရ ဝင်ပါမှာ မဟုတ်ပေမယ့် သံတမန်ရေးအရ ဖြေရှင်းဖို့ကိုတော့ အစွမ်းကုန် ကူညီမယ်လို့ ကြေညာခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဗြိတိန်တို့က အမေရိကန်ရဲ့ ကမ်းလှမ်းမှုကို ပြန်လည် သုံးသပ်နေတယ်လို့ ပြောပေမယ့် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲထဲကို သူ့နိုင်ငံက ဝင်ပါမှာမဟုတ်ဘူးလို့ အတိအလင်း ပြောဆိုထားပါတယ်။

Public Service Announcement
ဓားခုတ်ရာ လက်လျှိုသလို ဖြစ်သွားနိုင်တဲ့ ဟောမုဇ်ကိစ္စမှာ ဝင်ပါဖို့ မဟာမိတ် နိုင်ငံတွေက သိသိသာသာ အင်တင်တင် ဖြစ်နေပေမယ့် ထရမ့်ကတော့ သူ့ကို ကူညီချင်ကြောင်း ကမ်းလှမ်းထားတဲ့ နိုင်ငံတွေ အများကြီး ရှိသလို အကူအညီတွေလည်း လာနေပြီလို့ မတ်လ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဟောမုဇ်မှာ ရေနံတင်သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေ ဘေးကင်းကင်း ဖြတ်သန်းနိုင်အောင် စောင့်ရှောက်ပေးဖို့ နိုင်ငံတကာ စုပေါင်းရေတပ်ဖွဲ့တစ်ခု ဖြန့်ကျက်နိုင်ရေး သူ့ရဲ့ အဆိုပြုချက်က အလုပ်ဖြစ်နေတဲ့ သဘောမျိုး ထရမ့်က ဆိုပါတယ်။
နိုင်ငံတွေ အများကြီးက သူတို့ လာနေပြီလို့ သူ့ကို ပြောခဲ့ကြောင်း၊ သူတို့ထဲက တချို့က အရမ်းကို တက်တက်ကြွကြွ ရှိနေကြောင်း၊ တချို့ကတော့ အဲဒီလောက် စိတ်အားမထက်သန်ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လာကူညီကြမှာက ဘယ်နိုင်ငံတွေလဲ ဆိုတာကိုတော့ သူထုတ်မပြောလိုသေးကြောင်း၊ အသေးစိတ်ကို နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ထုတ်ပြန်မှာဖြစ်ကြောင်း အမေရိကန် သမ္မတက ဆက်ပြောပါတယ်။
အကူအညီတွေ စေလွှတ်ဖို့ အဲဒီနိုင်ငံတွေက စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ဟောမုဇ်ဆီ ရောက်ဖို့တော့ နည်းနည်း အချိန်ယူရနိုင်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။ သမုဒ္ဒရာကို ဖြတ်သန်းရတဲ့ အခြေအနေမျိုးမှာ အရာရာကတော့ အရမ်းမြန်ဆန်နေမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ တတ်နိုင်သမျှ မြန်မြန်တော့ လုပ်နေကြကြောင်း ထရမ့်က ပြောဆိုသွားခဲ့ပါတယ်။
ထရမ့်က သူ့တောင်းဆိုမှုကို မလိုက်လျောတဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ မကျေနပ်ချက်ကိုလည်း ထုတ်ပြောခဲ့ပါတယ်။ တချို့နိုင်ငံတွေဟာ အမေရိကန်ရဲ့ အကူအညီကို နှစ်ပေါင်းများစွာ ရယူခဲ့ကြောင်း၊ ပြင်ပက ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတွေ ရန်ကနေ အဲဒီနိုင်ငံတွေကို အမေရိကန်က အကာအကွယ် ပေးခဲ့ကြောင်း၊ ဒါပေမဲ့ အမေရိကန်က လိုအပ်လာချိန်မှာတော့ သူတို့ဖက်က တက်တက်ကြွကြွ မရှိခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။
အစောပိုင်းမှာ ထရမ့်က အမေရိကန်ရဲ့ အကူအညီ တောင်းခံမှုကို ငြင်းဆိုတဲ့ နိုင်ငံတွေကို မှတ်ထားမယ်လို့လည်း သတိပေးခဲ့ပါသေးတယ်။ အမေရိကန် အနေနဲ့ အကူအညီတွေ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ သူ့အနေနဲ့ တိတိကျကျ ပြောနိုင်တာကတော့ ဒီကိစ္စတွေကို မှတ်သားထားမယ်ဆိုတာ ဖြစ်တယ်လို့ ထရမ့်က ပြောကြားသွားပါတယ်။
ကိုးကား: Al Jazeera


















































