ထိုင်းလွှတ်တော် အမတ်တစ်ဦးဟာ လိုက်ပါစီးနင်းလာတဲ့ မော်တော်ကားကို ပစ်ခတ်ခြင်း ခံခဲ့ရပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
ပရာချာချတ် ပါတီကိုယ်စားပြု အမတ်တစ်ဦးဖြစ်တဲ့ ကမ်မိုဆက် လီဝါမိုဟာ နာရာသီဝတ်ပြည်နယ်ထဲက နေအိမ်နားမှာ မတ်လ ၂၀ မနက်အစောပိုင်းက လုပ်ကြံဖို့ အားထုတ်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဘာချို ခရိုင်မှာရှိတဲ့ နေအိမ်နားကို ကမ်မိုဆက်ရဲ့ မော်တော်ကား ချဉ်းကပ်လာချိန်မှာ ပစ်ကပ် ကားတစ်စီးက ကျော်တက်ပြီး အမည်မသိ သေနတ်သမားတွေက ဝိုင်းဝန်းပစ်ခတ်ခဲ့တာပါ။ ကနဦး စစ်ဆေးချက်တွေအရ သေနတ်သမားတွေဟာ စစ်သုံး လက်နက်တွေကို အသုံးပြုပြီး အနည်းဆုံး ၁၀ ချက်လောက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါလာသူ လုံခြုံရေး အရာရှိ တစ်ဦးတို့ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။ သေနတ်ဒဏ်ရာတွေ ရထားတဲ့ သူတို့ကို ဘာချို ဆေးရုံဆီ အဆောတလျင် ပို့ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် နာရတ်ဒ်ဟီဝက်စ် ရာဂျန်နာဂါရင်ဒရာ ဆေးရုံဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

Public Service Announcement
ဟတ်ယိုင်ကနေ ပြန်လာခဲ့တဲ့ ကမ်မိုဆက်ကတော့ ကားနောက်ခန်းထဲမှာ ပြားပြားဝပ်အောင် မှောက်ထားလိုက်တဲ့အတွက် ကျည်ဆန် မထိမှန်ခဲ့ပါဘူး။ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ တိုက်ခိုက်သူတွေရဲ့ ယာဉ်ဟာ ကမ်မိုဆက်တို့ရဲ့ ကားကို ကျော်တက်ပြီး အဲဒီနောက် နောက်ပြန်ဆုတ်လာရင်း ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။ ပြီးတော့ အဲဒီကားဟာ ဘာချိုမြို့လယ်ဖက်ကို ဦးတည်ပြီး မောင်းပြေးသွားခဲ့ပါတယ်။
ရဲတွေကတော့ တိုက်ခိုက်မှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ လွှတ်တော်အမတ်ကို ပစ်မှတ်ထားခဲ့တဲ့ သူတို့ရဲ့ ရည်ရွယ်ချက် အကြောင်းရင်းကို မသိရသေးပါဘူး။
နာရာသီဝတ် ပြည်နယ်ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း၊ မလေးရှားနဲ့ နယ်စပ်နားမှာ တည်ရှိပြီး ခွဲထွက်ရေး လက်နက်ကိုင် အင်အားစုတွေ ခိုအောင်းလှုပ်ရှားနေတဲ့ ပြည်နယ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ကိုးကား: Khaosod


















































