Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်အပြီး ရဲဝင်းဦးလည်း ထိုင်းကိုလာရောက်မယ့်အပေါ် ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတော့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲကိုပါ ထိုင်းနိုင်ငံ လာရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လူသိများတဲ့ ထိုင်းအတိုက်အခံ အမတ်တစ်ဦးက ထိုင်းအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။

သြဂုတ် – ၁၄ ၊၂၀၂၆

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတော့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲကိုပါ ထိုင်းနိုင်ငံ လာရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လူသိများတဲ့ ထိုင်းအတိုက်အခံ အမတ်တစ်ဦးက ထိုင်းအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။

ဒီအခြေအနေတွေက မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ လမ်းကြောင်းဖန်တီးနေတာလား၊ ဒါမှမဟုတ် အာဏာသိမ်း စစ်တပ်ကို လူရာပြန်ဝင်နိုင်အောင် တံခါးဖွင့်ပေးဖို့ ကြိုးစားနေတာလား ဆိုတာကို သဲသဲကွဲကွဲ ရှင်းပြဖို့ လိုအပ်လာစေတယ်လို့ ကန်နာဗီ ဆူယက်ဘ်ဆန်က ဩဂုတ် ၁၃ ရက်နေ့က Facebookမှာ ရေးသားထားခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေကြောင့် နာမည်ဆိုးထွက်နေတဲ့ မင်းအောင်လှိုင်ကို ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေတုန်းက တရားဝင် အလည်အပတ် ခရီးစဉ် ဖိတ်ကြား ဧည့်ခံခဲ့တဲ့အတွက် ထိုင်းအစိုးရဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ထိုင်းအစိုးရကတော့ ဒါဟာ မင်းအောင်လှိုင်ကို မြန်မာ အစိုးရ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ဘဲ နှစ်နိုင်ငံကြားက ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ် ညှိနှိုင်းဖို့ ရည်ရွယ်ခဲ့တာသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

ဒါပေမဲ့ ဩဂုတ် ၁၉ ကနေ ၂၁ ရက်နေ့ထိမှာ လက်ရှိ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကလည်း ထိုင်းနိုင်ငံကို လာရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြန်တဲ့အတွက် ကန်နာဗီက အခုလို မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ရဲဝင်းဦးဟာ ထိုင်း-မြန်မာ အဆင့်မြင့် ကော်မတီရဲ့ နဝမအကြိမ် အစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး ထိုင်းကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း တွေ့ဆုံမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးတော့ ဒါဟာ ရဲဝင်းဦးရဲ့ ကာကွယ်ရေး ဦးစီးချုပ် ရာထူး လက်ခံယူပြီးနောက်ပိုင်း ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်လာနိုင်ပါတယ်။

သူ့အနေနဲ့ ထိုင်းကာကွယ်ရေး ဦးစီးချုပ်ဟာ ရဲဝင်းဦးနဲ့ မတွေ့ဆုံသင့်ဘူးလို့ မဆိုလိုကြောင်း၊ ထိုင်းနဲ့ မြန်မာတို့ဟာ ကီလိုမီတာ ၂၀၀၀ ကျော်ရှည်တဲ့ နယ်နိမိတ် ထိစပ်နေပြီး ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေး၊ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ၊ လူမှောင်ခိုနဲ့ လက်နက်မှောင်ခိုမှုတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေးတို့လို နှစ်နိုင်ငံစလုံးကို ထိခိုက်သက်ရောက်နိုင်တဲ့ စိန်ခေါ်မှုတွေကြောင့် စစ်တပ်ချင်း အပြန်အလှန် ဆွေးနွေးမှုတွေ လိုအပ်တာကို နားလည်ကြောင်း ကန်နာဗီက ဆိုပါတယ်။

ဒါပေမဲ့ ဘာတွေကို ဆွေးနွေးမှာလဲ၊ ဘယ်သူတွေ ဆွေးနွေးမှာလဲ၊ ဒီဆွေးနွေးပွဲကနေ ထိုင်းက ဘာတွေကို လိုချင်သလဲ ဆိုတာတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြောထားဖို့ လိုကြောင်း သူက ပြောပါတယ်။ လက်ရှိ အခြေအနေတွေအရ ထိုင်းဟာ မြန်မာနဲ့ ပုံမှန်ဆက်ဆံရေး လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျင့်သုံးနေဖို့ မဖြစ်သင့်ဘူးလို့ ကန်နာဗီက သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာလည်း အာဏာသိမ်း မြန်မာစစ်တပ်ဟာ အရပ်သား ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေတာကို ဖော်ပြထားတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

နောက်ပြီး မြန်မာစစ်တပ်ဟာ ပြည်တွင်း အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ညှိနှိုင်းလက်ခံပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ အကောင်အထည်ဖော်တဲ့ အခြေအနေတွေ လုံးဝ မမြင်ရသေးကြောင်းလည်း ကန်နာဗီက ပြောပါတယ်။

အာဆီယံမှာ ထိပ်တန်း အစည်းအဝေးတွေ ပြန်တက်ခွင့်ရအောင်၊ အာဆီယံ အသိုက်အဝန်းမှာ ပြန်ဝင်ဆံ့အောင် ကြိုးစားနေတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်သစ်က ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် ထိုင်းကို ရွေးချယ်တာဟာ သာမန်ထက်ပိုတဲ့ အဓိပ္ပါယ်တွေ ရှိနိုင်ကြောင်း၊ ထိုင်းနိုင်ငံက သူ့ကို ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ခမ်းခမ်းနားနား ကြိုဆိုတာ၊ လက်ဆွဲနှုတ်ဆက်တာမျိုး ပုံရိပ်တွေကို အသုံးပြုပြီး မြန်မာစစ်တပ်ကို အိမ်နီးချင်း နိုင်ငံတွေက ပုံမှန် ပြန်လည် ဆက်ဆံနေပြီဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ လုပ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ထိုင်းကို အဲဒီလို အသုံးချခဲ့ပြီး ဖြစ်တာကြောင့် ရဲဝင်းဦးရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းဖက်က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ချက်တွေ ကြိုတင် စီစဉ်ထားဖို့ လိုတယ်လို့ သူက သတိပေးခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ တရားဝင်မှုကို အသည်းအသန် ရှာဖွေနေတာကြောင့် မင်းအောင်လှိုင်နဲ့ ရဲဝင်းဦးတို့လို အဆင့်မြင့် အရာရှိတွေရဲ့ ခရီးစဉ်တွေကို နိုင်ငံတကာကလည်း သေချာ စောင့်ကြည့်နေကြောင်း ကန်နာဗီက ဆိုပါတယ်။

ရဲဝင်းဦးနဲ့ တွေ့ဆုံချိန်မှာတော့ နှစ်ဖက်စစ်တပ်တွေကြား ဆွေးနွေးမှုဟာ အရပ်သား အစိုးရတွေက ချမှတ်ထားတဲ့ မူဝါဒတွေ အောက်မှာပဲ ရှိနေတာ သေချာစေဖို့၊ မြန်မာဖက်က စစ်ရေးပဋိပက္ခတွေအတွက် ထိုင်းပြည်သူတွေ ထိခိုက်မှု မရှိတာ သေချာစေဖို့၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးမှာ အစည်းအဝေး လုပ်ပြရုံထက်ပိုတဲ့ လက်တွေ့ ရလဒ်တွေ ပေါ်ထွက်လာတာ သေချာစေဖို့စတဲ့ အချက်တွေကို ထိုင်းဖက်က တိတိကျကျ တောင်းဆိုဖို့ ကြိုပြင်ထားသင့်ကြောင်း ထိုင်းအမတ်က တိုက်တွန်းထားခဲ့ပါတယ်။

ထိုင်းအနေနဲ့ အစုအဖွဲ့ အားလုံးနဲ့ စကားပြောသင့်ပေမယ့် အဲဒီလို ဆွေးနွေးပြောဆိုရာမှာ မှန်ကန်ခိုင်မာတဲ့ မူရှိဖို့တော့ လိုတယ်လို့ သူက ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ ဘဝက ‘ပုံမှန်’ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်နဲ့ ဝေးကွာလွန်းနေဆဲ အခြေအနေမှာ ထိုင်းဟာ မြန်မာစစ်တပ်ကို ‘ပုံမှန်’ အခြေအနေထဲ ပြန်ဝင်လာနိုင်အောင် တံခါးဖွင့်ပေးမယ့် နေရာတော့ မဖြစ်သင့်ဘူးလို့လည်း ကန်ဗာဗီက သတိပေးသွားပါတယ်။

ကိုးကား – Kannavee Suebsang Facebook

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက အခမ်းအနား တစ်ခုမှာ လက်ရှိ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်း ၃ ဦးတို့ တွေ့ဆုံခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

နိုင်ငံတကာ

ထိုင်းနိုင်ငံက ဒေသတွင်း စျေးရောင်းပွဲတော် တစ်ခုမှာ လူတစ်စုက ဓားတွေ၊ ပြောင်းတိုသေနတ် တစ်လက်ကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။