Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှောင်လင် ကျောင်းထိုင်ဟောင်းကို စွဲချက်တင်

ငွေကြေးနဲ့ လိင်မှုကိစ္စ အရှုပ်အထွေးတွေအတွက် စွပ်စွဲခံထားရသူ တရုတ် ရှောင်လင် ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင် ဆရာတော်ဟောင်းဟာ တရားဝင် စွဲချက်တင် ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

ငွေကြေးနဲ့ လိင်မှုကိစ္စ အရှုပ်အထွေးတွေအတွက် စွပ်စွဲခံထားရသူ တရုတ် ရှောင်လင် ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင် ဆရာတော်ဟောင်းဟာ တရားဝင် စွဲချက်တင် ခံခဲ့ရပါတယ်။

ရှီယွန်ရှင်းဟာ လွန်ခဲ့တဲ့ ၄ လလောက် ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုအခါမှာတော့ ရန်ပုံငွေတွေကို မလျော်မကန် အသုံးချမှု၊ ငွေကြေး အလွဲသုံးစားမှု၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ လာဘ်ပေးလာဘ်ယူကိစ္စ အားထုတ်မှုတွေအတွက် စွဲချက်တင် ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ စွဲချက်တွေကိုတော့ ဟီနန်ပြည်နယ်၊ ချင်ကျင်းမြို့မှာရှိတဲ့ အစိုးရ ရှေ့နေတွေက တင်ပြခဲ့ပြီး တရားရုံးက လက်ခံခဲ့တာ ဖြစ်ပါတယ်။ သက်တော် ၆၀ အရွယ် ဘုန်းတော်ကြီးဟာ ရှောင်လင်ကျောင်းရဲ့ ကျောင်းထိုင် ကိုယ်တော်အဖြစ် ၂၅ နှစ်ကြာ တာဝန်ယူခဲ့ပြီး မနှစ်က ဇူလိုင်လမှာတော့ ပြဿနာတွေ တက်လို့ ရာထူးကနေ ဖယ်ရှား ခံခဲ့ရတာ ဖြစ်ပါတယ်။ ရှီဟာ သာသနာ့ဝန်ထမ်း စာရင်းကနေလည်း ပယ်ဖျက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလတုန်းက သူ့ကို ဖမ်းဆီးခဲ့ချိန်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျောင်းထိုင် ကိုယ်တော်ဟာ ရာဇဝတ်ကြောင်းဆိုင်ရာ စွပ်စွဲချက် အတော်များများနဲ့ ရှုပ်ထွေး ဆက်နွှယ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာ ငွေကြေးပမာဏ ဘယ်လောက်များများထိ အလွဲသုံးစား လုပ်ခဲ့သလဲ ဆိုတာကိုတော့ ှရင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ငွေကြေး အရှုပ်အထွေး ကိစ္စတွေတင် မကဘဲ ရှီဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်ပြီး အမျိုးသမီး တချို့နဲ့ မလျော်မကန် ဆက်ဆံရေးတွေ ရှိခဲ့ကြောင်းလည်း စွပ်စွဲ ခံထားရပါတယ်။ ပြီးတော့ သူဟာ အနည်းဆုံး ကလေးတစ်ဦးရဲ့ ဖခင် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ရှီဟာ စီးပွားရေး စီမံအုပ်ချုပ်မှု ဘွဲ့ရတစ်ဦးဖြစ်ပြီး ရှောင်လင် ဘုန်းတော်ကြီးကျောင်းကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီတန်တဲ့ နိုင်ငံတကာ အမှတ်တံဆိပ် တစ်ခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ နောက်ပြီး အိမ်ခြံမြေနဲ့ ဖျော်ဖြေရေး နယ်ပယ်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်စေခဲ့တာကြောင့် သူ့ကို အမှုဆောင်ချုပ် ဘုန်းကြီးလို့လည်း ခေါ်ဝေါ်ကြပါတယ်။

ဘုန်းတော်ကြီးကျောင်းကို စီးပွားရေး လုပ်ငန်းတစ်ခုအသွင် ပြောင်းလဲခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်အပေါ် ဝေဖန်တာတွေ ရှိခဲ့ပေမယ့် ရှီကတော့ ရှောင်လင်ရဲ့ ရေရှည် တည်တံ့မှုအတွက် အမှန်တကယ် လိုအပ်တဲ့ ကိစ္စလို့ အကြောင်းပြခဲ့ပါတယ်။

နှစ်ပေါင်း ၁၅၀၀ ကျော် သက်တမ်းရှိခဲ့တဲ့ ကမ္ဘာကျော် ဘုန်းတော်ကြီးကျောင်းကို ရှီက ၁၉၈၁ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့ပြီး ၁၉၉၉ ခုနှစ်၊ သူ့အသက် ၃၄ နှစ်သာ ရှိသေးချိန်မှာ ကျောင်းထိုင်ကိုယ်တော် ဖြစ်လာခဲ့ပါတယ်။ ချင်ကျင်းမှာ ရှိနေတဲ့ အဲဒီ မဟာယာန ဘုန်းတော်ကြီးကျောင်းကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က လူသားတွေ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီ ကျောင်းတော်ကြီးဟာ ကမ္ဘာကျော် ရှောင်လင်ကွန်ဖူး သိုင်းပညာရဲ့ ရေသောက်မြစ် ဘူမိနက်သန်လည်း ဖြစ်ပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။