Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ရဲ့ ပြဌာန်းချက်တွေနဲ့ ပေးအပ်ထားတဲ့ တာဝန်တွေ လိုက်နာကျင့်သုံးကြဖို့ NUCC တိုက်တွန်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

ဧပြီ-၁၊ ၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပူးပေါင်းပါဝင် ရေးဆွဲ အတည်ပြုခဲ့ကြပြီး ပြည်သူ့ တော်လှန်ရေးကြီးရဲ့ ရှေ့မှောက်တွင် အတူဝန်ခံ ကတိပြုခဲ့ကြခြင်းနဲ့ သဘောတူ အတည်ပြု (ratify) ခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းများ အပါအဝင် အင်အားစုအသီးသီးကို NUCCက အခုလိုတိုက်တွန်းခဲ့တာပါ။

တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား အားပြိုင်မှု၊ လွှမ်းမိုးမှု မရှိစေရေး အတွက် ချာတာအစိတ်အပိုင်း (၁)မှာပြဋ္ဌာန်းထားသော ပြည်ထောင်စု စံတန်ဖိုးတွင် ပါဝင်တဲ့ လူနည်းစုအခွင့်အရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စုပေါင်းခေါင်းဆောင်မှု၊ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်းတို့ကို အင်အားစုအသီးသီးက မည်သို့မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ တော်လှန်ရေးရဲ့ စံတန်ဖိုးများ အဖြစ် အလေးအနက်ပြု လိုက်နာကျင့်သုံးသွားကြဖို့ လိုအပ်ကြောင်းလည်း NUCCက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေး၏ အင်အားဖြင့် ၂၀၀၈ စစ်ကျွန် အခြေခံဥပဒေကို ဖျက်သိမ်း၍ နိုင်ငံရေးအင်အားစုပေါင်းစုံ ပါဝင်ရေးဆွဲခဲ့ကြသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တာ ဒီကနေ့ မတ်လ ၃၁ရက်နေ့မှာ ၅နှစ် ပြည့်ခဲ့ပြီလို့ အသိပေးပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ဟာ ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ် ချုပ်ငြိမ်းစေနိုင်ဖို့ အတွက် လည်းကောင်း၊ တိုင်းရင်းသားပြည်သူလူထု တရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ဖို့အတွက် လည်းကောင်း၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဥ်တွဲနေထိုင်နိုင်သော သာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ လည်းကောင်း ရည်ရွယ် ရေးဆွဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီလိုရေးဆွဲပြီး စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပြီးသတ် ဖျက်သိမ်းရေး ၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သား ပြည်သူ့ အစိုးရ ပေါ်ထွန်းရေး စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ လက်ခံ သဘောတူ ရေးဆွဲအတည်ပြုခဲ့တာလို့လည်း NUCCက အသိပေးပါတယ်။

အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ တည်ရှိနေသော မတရားမှုများကို ဖြိုချရန် ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေး ဆင်နွှဲရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဟာ အသက်သွေးကြောဖြစ်တယ်လို့ NUCCက ထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှာ အစိတ်အပိုင်း (၂) ရပ်ပါဝင်ပြီး အစိတ်အပိုင်း (၁)မှာ ပြည်ထောင်စု မျှော်ရည်ချက်နဲ့ စံတန်ဖိုးများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊ အခြေခံမူဝါဒများ၊ အကောင်အထည်ဖော်မည့် လုပ်ငန်းစဥ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံတို့ကို တိကျ ရှင်းလင်းစွာ ဖော်ပြထားပြီး “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း” အဖြစ် ဝန်ခံကတိပြုခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အစိတ်အပိုင်း (၂)ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်းပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များကို လက်တွေ့အကောင်အထည် ဖော်ဖို့ ရှေ့ဆက် သွားမယ့် နိုင်ငံရေးလမ်းပြ မြေပုံ အဆင့်ဆင့်အား လက်တွေ့အကောင်အထည် ဖော်ခြင်းဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အလို့ငှာ ကြားကာလတွင် အခြေခံရမယ့် “ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံများ – Interim Constitutional Arrangements” အဖြစ် သဘောတူ အတည်ပြု (ratify) ခဲ့ကြခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အား ၅ နှစ်တာ ကာလအတွင်း အင်အားစုအသီးသီးမှ စုပေါင်းခေါင်းဆောင်မှုဖြင့် အကောင်အထည်ဖော်ကြရာတွင် ထင်ရှားသော ရလဒ်များ အဖြစ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အား ဖွဲ့စည်းခြင်း၊ ကြားကာလအတွက် ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဥပဒေပြုရေးအာဏာကို ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရပြီး အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော ပြည်ထောင်စုအဆင့်လွှတ်တော် ကိုယ်စားလှယ်များအား အပ်နှင်းခြင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းမှုအား အတည်ပြုခြင်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ ညှိနှိုင်း သဘောတူညီချက်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အား ဖွဲ့စည်းခြင်း၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြု နှင့် လူမျိုးအခြေပြု ကောင်စီများ အပါအဝင် ဖက်ဒရယ်ယူနစ် အစိုးရများ ပေါ်ထွန်းလာခဲ့ကြောင်းလည်း ရှင်းပြထားပါတယ်။

ဒါ့အပြင် ပဋိညာဉ် အစိတ်အပိုင်း (၁) ပါ လမ်းပြမြေပုံ ပြဋ္ဌာန်းချက် အရ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (တနည်းအားဖြင့်) ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (Articles of Federal Transitional Arrangements – AFTA) ကိုလည်း မကြာမီတွင် အပြီးသတ် ရေးဆွဲအတည်ပြုနိုင်မည် ဖြစ်ကြောင်း NUCCက အသိပေးထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ဟာ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နဲ့ (၂) ပါ ပြဋ္ဌာန်းချက်များ အရ ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ကျေပွန်အောင် ဆက်လက်ထမ်းဆောင် သွားမယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလိုပဋိညာဉ်ပါ တာဝန်များကို ထမ်းဆောင်ရာမှာ နယ်ပယ်အသီးသီးတွင် လက်ရှိ ဦးဆောင်မှုပြု ဆောင်ရွက်နေကြသည့် အစုအဖွဲ့များ၊ တော်လှန်ရေး လက်တွေ့ လိုအပ်ချက်များအရ အခါအားလျော်စွာ ပေါ်ပေါက်လာသော ဦးဆောင်မှု အစုအဖွဲ့များနဲ့ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရာမှာ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ နဲ့အညီ လိုက်နာကျင့်သုံးဆောင်ရွက်မယ်လို့လည်း အသိပေးထုတ်ပြန်ပါတယ်။

NUG၊ CRPHနဲ့ KNU၊ KIO၊ KNPP၊ CNFစတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေဟာ မတ်လ ၃၀ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီတရပ်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး အရှိန်မြှင့် အောင်မြင်မှု ရရှိဖို့ ၊ စစ်အာဏာရှင်စနစ်ဖယ်ရှားဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ လုပ်ဆောင်သွားမယ်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။

NUCCနဲ့ NUG တို့ဟာလည်း အခုနှစ်အတွင်းမှာ ခိုင်မာအားကောင်းတဲ့ တော်လှန်ရေးဦးဆောင်မှု ဖြစ်ပေါ်လာရေး ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။