ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဝန်ထမ်းအင်အား ၂၀၀၀ လောက်ကို လျှော့ချထုတ်ပယ်ရဖွယ် ရှိနေကြောင်း ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCက အတည်ပြုခဲ့ပါတယ်။
BBCရဲ့ ယာယီ ညွှန်ကြားရေးမှူးချုပ် ရိုဒရီ တယ်လ်ဖန် ဒေးဗီးစ်က အသေးစိတ် ကိစ္စတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ဝန်ထမ်းအင်အား ၁၈၀၀ ကနေ ၂၀၀၀ ကြားလောက် လျော့ကျသွားမယ်လို့တော့ ကနဦး ခန့်မှန်းထားကြောင်း ဧပြီ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ BBC အတွက်တော့ ဝန်ထမ်းအင်အား စုစုပေါင်းရဲ့ ၁၀ ပုံ ၁ ပုံလောက်ကို လျှော့ချရမှု ဖြစ်လာမှာပါ။ BBCမှာ ဝန်ထမ်းအင်အား ၂၁၅၀၀ လောက် ရှိပါတယ်။ ပြီးတော့ လက်ရှိ မီဒီယာ လုပ်ငန်းနယ်ပယ်မှာ ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ထင်ဟပ်စေတဲ့ အရှိတရား တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ဝန်ထမ်းတွေဆီ ပေးပို့ခဲ့တဲ့ အသိပေး စာထဲမှာတော့ BBCဟာ အရမ်းသိသာထင်ရှားတဲ့ ဘဏ္ဍာရေး ဖိစီးမှုတွေ ကြုံတွေ့နေပြီး အမြန်ဆုံး တုံ့ပြန်ဖို့ လိုအပ်နေတယ်လို့ တယ်လ်ဖန် ဒေးဗီးစ်က ရေးသားထားပါတယ်။

Public Service Announcement
ရိုးရိုးရှင်းရှင်း ပြောရရင် BBCရဲ့ အသုံးစရိတ်နဲ့ ဝင်ငွေကြား ကွာဟချက်ဟာ ဆက်တိုက် ကြီးထွားလာနေတယ်လို့ သူက ရှင်းပြထားပါတယ်။ ဒီအတွက်လည်း လိုအပ်တဲ့ အစီအမံတွေကို ကျင့်သုံးရမှာ ဖြစ်ကြောင်း၊ ပြီးတော့ အဲဒီ အစီအမံတွေထဲမှာ BBCရဲ့ ဝန်ထမ်းအင်အားကို မလွှဲမရှောင်သာ လျှော့ချရဖို့ ဆိုတာလည်း ပါဝင်လာကြောင်း သူက ဝန်ထမ်းအားလုံးဆီ ပေးပို့တဲ့ အသိပေး အီးမေးလ်ထဲမှာ ရှင်းပြထားပါတယ်။
BBCဟာ လာမယ့် ၂ နှစ်အတွင်း လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ် စတာလင်ပေါင် ၅ ဘီလီယံထဲက စတာလင်ပေါင် သန်း ၅၀၀ လောက်ကို လျှော့ချဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ အဲဒီအတွက် BBCက ထုတ်လွှင့်နေတဲ့ channelတွေနဲ့ ဝန်ဆောင်မှု အစီအစဉ်တချို့ လုံးဝဥဿုံ ရပ်ဆိုင်းသွားတာမျိုးတောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ တယ်လ်ဖန် ဒေးဗီးစ်က ဝန်ခံခဲ့ပါတယ်။
စတာလင်ပေါင် သန်း ၅၀၀ လောက် အသုံးစရိတ် လျှော့ချဖို့ဆိုရင် ခက်ခဲကြီးမားတဲ့ ဆုံးဖြတ်ချက် တချို့ကို မလွှဲမရှောင်သာ ရွေးချယ်ရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ရင် အရမ်း သတိကြီးကြီးထားဖို့တော့ လိုအပ်ကြောင်း သူက BBC Radio 4ရဲ့ Media Show အစီအစဉ်မှာလည်း ပြောကြားသွားပါတယ်။
အလုပ်နေရာတွေ လျှော့ချရမယ်ဆိုတဲ့ သတင်းဟာ ဝန်ထမ်းတွေအတွက် အရမ်းခက်ခဲတဲ့ သတင်းမျိုး ဖြစ်လာမယ် ဆိုတာကို သူလည်း စာနာ နားလည်ပါတယ်လို့ တယ်လ်ဖန် ဒေးဗီးစ်က ဆိုပါတယ်။
ဗြိတိန်ရဲ့ သတင်းထုတ်လွှင့်မှု သမဂ္ဂ အကြီးအကဲ ဖိလစ်ပါ ချိုင်းလ်ဒ်စ်က အဲဒီလောက် ပမာဏ ကြီးမားတဲ့ အလုပ်နေရာ ဖြတ်တောက်မှုတွေဟာ လုပ်သားထုကိုရော၊ BBCကိုပါ အကြီးအကျယ် ထိခိုက်သွားစေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ဒီကိစ္စဟာ ၁၅ နှစ်တာအတွင်း BBCရဲ့ အကြီးမားဆုံး ဝန်ထမ်းအင်အား လျှော့ချမှု အစီအမံလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။ ၂၀၁၁ တုန်းက BBCဟာ လာမယ့် ၅ နှစ်တာအတွင်း ဝန်ထမ်းအင်အား ၂၀၀၀ လောက်ကို လျှော့ချတာ၊ ဒါမှမဟုတ် အတော်များများကို ဌာနချုပ်ရှိရာ လန်ဒန်မြို့ရဲ့ အဝေးဆီ ရွှေ့ပြောင်းတာတွေ လုပ်ဆောင်မယ်လို့ ထုတ်ပြန်ဖူးပါတယ်။
BBCဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မိန့်ခွန်းတစ်ခုကို အဓိပ္ပါယ် လွဲမှားအောင် တည်းဖြတ်ပြင်ဆင်ပြီး ထုတ်လွှင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ထရမ့်ရဲ့ တရားစွဲဆိုမှုကိုလည်း ရင်ဆိုင်နေရပါတယ်။ ထရမ့်က နစ်နာကြေးအဖြစ် BBCဆီကနေ ဒေါ်လာ ၁၀ ဘီလီယံ နစ်နာကြေး ရလိုကြောင်း တောင်းဆိုထားပါတယ်။ အဲဒီ အရှုပ်အထွေးကို အကြောင်းပြုပြီး BBCရဲ့ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေဗီလည်း ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters

















































