Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ဝင်ခွင့် ပိတ်ခဲ့တဲ့ ထရမ့်ကို မီဒီယာ ဌာနကြီးတွေ စုပေါင်း သပိတ်မှောက်

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

ဓာတ်ပုံ - The New York Times

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက CNN၊ Politicoနဲ့ MS NOW သတင်းဌာနတွေရဲ့ သတင်းထောက်တွေကို ထရမ့်ရဲ့ ညွှန်ကြားချက်အရ အိမ်ဖြူတော် တာဝန်ရှိသူတွေက သတင်းယူခွင့် ပိတ်ခဲ့ပြီး သူတို့ရဲ့ အိမ်ဖြူတော်ဝင်ခွင့်ရ သတင်းထောက် တံဆိပ်တွေကိုလည်း သိမ်းယူခဲ့ပါတယ်။ ဝင်ခွင့်ပိတ် ခံရတဲ့ သတင်းထောက်တွေဟာ သမ္မတရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ သတင်းရယူနေသူတွေ ဖြစ်ပါတယ်။

အဲဒီ သတင်းဌာနတွေဟာ စိတ်ကူးယဉ် မုသားတွေကို အခြေခံပြီး သူ့အစိုးရကို အပုပ်ချ တိုက်ခိုက်ခဲ့တယ်လို့ ထရမ့်က စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ အဲဒီ သတင်းဌာန သုံးခုကတော့ အမေရိကန် အစိုးရဟာ သတင်းဖော်ပြမှုတွေအပေါ် ပါဝင်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတဲ့ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့အတွက် ထရမ့်ရဲ့ အမေရိကန် အစိုးရကို တရားစွဲဆိုသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

သိပ်မကြာခင်မှာပဲ အိမ်ဖြူတော်က Trump TVလို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် streaming channel တစ်ခုကို မိတ်ဆက်ခဲ့ပြီး သမ္မတရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအကြောင်း ဖော်ပြနေပါတယ်။

Public Service Announcement

Public Service Announcement

သတင်းဌာန သုံးခုကို ထရမ့်က အိမ်ဖြူတော်ဝင်ခွင့် တားမြစ် ပိတ်ပင်ခဲ့တဲ့နောက် အမေရိကန် သတင်းဌာန တချို့က ထရမ့်တက်ရောက်တဲ့ အခမ်းအနားတွေနဲ့ ပတ်သက်လို့ ပူးပေါင်းချိတ်ဆက် သတင်းယူမှုတွေကို ပါဝင်မှာ မဟုတ်ကြောင်း ထုတ်ပြန်ပါတယ်။ New York Timesနဲ့ Washington Postတို့လို သတင်းဌာနကြီးတွေကလည်း ထရမ့်တက်ရောက်တဲ့ အခမ်းအနားတွေနဲ့ ပတ်သက်ပြီး တိုက်ပိုင် သတင်းဓာတ်ပုံတွေကို မျှဝေမပေးတော့ဘူးလို့ စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီတော့ ထရမ့်ဟာ ဝါရှင်တန် ဒီစီကနေ သမ္မတ စီးတော် လေယာဉ် Air Force Oneပေါ် တက်သွားတာ၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ နယူးယောက်ကို ရောက်သွားတာမျိုးတွေကို ထုတ်လွှင့်ပြသမယ့် သတင်းဌာန ရုပ်မြင်သံကြား ကွန်ရက်တွေ မရှိဘဲ ဖြစ်သွားပါတယ်။

ထရမ့်ကို အမာခံ အားပေးထောက်ခံတဲ့ သတင်းဌာန တစ်ခုလို့ သတ်မှတ်ခံရတဲ့ Fox Newsတောင်မှ ABC၊ CBS၊ NBCတို့လို သတင်းဌာနကြီးတွေနဲ့အတူ ပူးပေါင်းပြီး အခုကိစ္စမှာ မီဒီယာတွေဖက်ကနေ တစ်သားတည်း ရပ်တည်ခဲ့ပါတယ်။ အစိုးရနဲ့ ပတ်သက်လို့ ပြည်သူတွေက တိကျပြီး လွတ်လပ်တဲ့ သတင်းအချက်အလက်တွေ ရပိုင်ခွင့် အပြည့်အဝရှိကြောင်း၊ သတင်းဌာနတွေရဲ့ သတင်းတင်ပြမှုကို ဘယ်အာဏာပိုင် အဖွဲ့အစည်းကမှ တားဆီးပိတ်ပင်ပိုင်ခွင့် မရှိသင့်ကြောင်း သတင်းဌာနတွေရဲ့ စုပေါင်းကြေညာချက်မှာ Fox Newsလည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

သတင်းဌာနကြီးတွေရဲ့ ရုပ်သံထုတ်လွှင့်မှု မရှိတဲ့ အခြေအနေမှာ Trump TVဟာ အိမ်ဖြူတော် တောင်ဖက် မြက်ခင်းပြင်မှာ အသစ်တည်ဆောက်တဲ့ ရဟတ်ယာဉ်ဆင်းကွင်း ဖဲကြိုးဖြတ် အခမ်းအနားမှာ ထရမ့်ပါဝင်ခဲ့ပုံတွေကို ထုတ်လွှင့် ပြသခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ ပြောစကားတွေကိုတော့ မကြားခဲ့ရပါဘူး။

နောက်တော့ ထရမ့်က နယူးယောက် မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီနဲ့ တွေ့ဆုံပြီး မမ်ဒါနီက သတင်းစာရှင်းလင်းပွဲအတွက် မီဒီယာ အားလုံးကို ဖိတ်ခေါ်လိုကြောင်း ပြောခဲ့ပါတယ်။ ထရမ့်ကတော့ ဒါက စိတ်ဝင်စားစရာ ကောင်းကြောင်း၊ မီဒီယာတွေက သူ့ကို သပိတ်မှောက်မယ်လို့ ပြောနေပေမယ့် ဘယ်တုန်းကမှ တကယ်တမ်း သပိတ်မမှောက်နိုင်ခဲ့ကြောင်း၊ ဒီတော့ သူလည်း စိတ်မပူကြောင်းနဲ့ အခုသတင်းလာယူသူတွေကို ကြည့်ရင် သိနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ABC၊ CNN၊ CBS၊ NBCနဲ့ Fox Newsတို့ ပူးပေါင်းပြီး အိမ်ဖြူတော် သတင်းတွေကို အလှည့်ကျ ရယူကာ ကျန်မီဒီယာတွေဆီ မျှဝေပေးတဲ့ စနစ်ကို ရပ်ဆိုင်းထားဦးမယ်လို့ အဲဒီ သတင်းဌာနကြီးတွေက ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ CNN၊ Politicoနဲ့ MS NOWတို့ဟာ သတင်းယူခွင့် တားမြစ်ပိတ်ပင်တဲ့ အိမ်ဖြူတော်ရဲ့ ဆုံးဖြတ်ချက်အတွက် တရားစွဲဆိုမှု တစ်ခုကို ဝါရှင်တန် ဒီစီမှာရှိတဲ့ ခရိုင်တရားရုံး တစ်ခုဆီ တင်ပြခဲ့ပါတယ်။ မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့၊ သတင်းဖော်ပြမှုတွေမှာ အစိုးရ စွက်ဖက်ပိုင်ခွင့်တွေကို တားဆီးဖို့အတွက် အခုကိစ္စကို တရားရေးအရ စိန်ခေါ်တုံ့ပြန်သွားမယ်လို့ အဲဒီသတင်းဌာန ၃ ခုက ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

Facebook