Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းတို့ ၃ ရက်ကြာ အပစ်ရပ်မယ်လို့ ထရမ့်ကြေညာ

ရုရှားနဲ့ ယူကရိန်းတို့ကြား ၃ ရက်ကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

ရုရှားနဲ့ ယူကရိန်းတို့ကြား ၃ ရက်ကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

အစောပိုင်းတုန်းက ရုရှားနဲ့ ယူကရိန်းတို့က အချင်းချင်း ညှိနှိုင်းထားတာ မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် အပစ်ရပ် ကာလတွေ ကြေညာခဲ့သလို နှစ်ဖက်စလုံးကလည်း အဲဒီ ကြေညာချက်တွေကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ယူကရိန်းက မေလ ၆ ရက်နေ့ကစပြီး အကန့်အသတ်မရှိ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ပေမယ့် ရုရှားက ယူကရိန်း မြို့ရွာတွေကို ဆက်ပြီး တိုက်ခိုက်ခဲ့တာကြောင့် အပစ်အခတ် ရပ်စဲရေးက အထမမြောက်ခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ရုရှားကလည်း ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီအပေါ် အနိုင်ရခဲ့တဲ့ အောင်ပွဲနေ့ အထိမ်းအမှတ် စစ်ရေးပြ ချီတက်ပွဲတွေ ကျင်းပမှာမို့ မေလ ၈ ရက်နဲ့ ၉ ရက်တွေမှာ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းကတော့ ရုရှားရဲ့ ထုတ်ပြန်ချက်ကို အသိအမှတ်ပြုကြောင်း မပြောပါဘူး။ ယူကရိန်း ဒရုန်းတွေ တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်ရတဲ့အတွက် ရုရှားကလည်း အဲဒီ ချီတက်ပွဲမှာ အကြီးစား စစ်လက်နက်တွေကို ခင်းကျင်းပြသမယ့် အစီအစဉ်ကိုပါ ရုပ်သိမ်းခဲ့ရပါတယ်။

မေလ ၈ ရက်နေ့မှာတော့ ထရမ့်က လက်ရှိ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား ၃ ရက်ကြာ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်စဲနိုင်ရေးအတွက် ကြားဝင် ညှိနှိုင်းမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ပေးနေပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ အဆိုအရ မေလ ၉၊ ၁၀ နဲ့ ၁၁ ရက်နေ့တွေမှာ နှစ်နိုင်ငံကြား ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အားလုံး ရပ်တန့်နေစေမှာ ဖြစ်တဲ့အပြင် တစ်ဖက်ကို စစ်သုံ့ပန်း ၁၀၀၀ စီလည်း ပြန်လွှတ်ပေးပြီး သုံ့ပန်းချင်း လဲလှယ်ကြမယ်လို့ သိရပါတယ်။

ထရမ့်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အဲဒီ အစီအစဉ်မှာ ယူကရိန်း ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ နောက်တော့ ရုရှား အစိုးရ သတင်းဌာနကလည်း ရုရှားဟာ အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်လို့ ကြေညာပါတယ်။

အစောပိုင်းတုန်းကတော့ နှစ်နိုင်ငံကြား ကိုယ့်သဘောနဲ့ကိုယ် အပစ်ရပ် သဘောတူညီမှု ကြေညာပေမယ့် မြေပြင်မှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေခဲ့ပါတယ်။ ယူကရိန်း အနှံ့က မြို့တွေဟာ ရုရှားလေကြောင်းတိုက်ခိုက်မှုတွေကို ကြုံခဲ့ရပြီး ရုရှားရဲ့ မြို့တော် မော်စကိုဟာလည်း ယူကရိန်း ဒရုန်းတွေဒဏ်ကို ခံနေခဲ့ရပါတယ်။

သူ့ရဲ့ အပစ်ရပ်ရေး ကြားဝင်ညှိနှိုင်း အဆိုပြုချက်ကို ရုရှားနဲ့ ယူကရိန်း သမ္မတတွေက လိုက်လျော လက်ခံပေးကြလို့ အထူးကျေးဇူးတင် အသိအမှတ်ပြုကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မော်စကိုမြို့ရဲ့ ရင်ပြင်နီမှာ ကျင်းပမယ့် စစ်ရေးပြ ချီတက်ပွဲတွေကို တိုက်ခိုက်တာမျိုး လုံးဝမလုပ်ဖို့ ယူကရိန်းကို ကြိုတင် သတိပေးထားခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို တိုက်ခိုက်ခံရတာမျိုး ရှိလာရင် ဒုံးကျည်တွေ အလုံးအရင်း ပစ်ခတ်ပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့လည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတိပေးထားခဲ့ပါတယ်။

ယူကရိန်းရဲ့ ဒရုန်းတွေ အန္တရာယ်ကို စိုးရိမ်တာကြောင့် ဆယ်စုနှစ် နှစ်ခုလောက်အတွင်း ပထမဆုံး အကြိမ်အဖြစ် ရုရှားဟာ တင့်ကားတွေ၊ ဒုံးကျည်တင် ထရပ်ကားတွေနဲ့ တခြား အကြီးစား စစ်သုံးယန္တရားတွေ မပါဝင်တဲ့ ချီတက်ပွဲမျိုးကိုပဲ စီစဉ်ခဲ့ရကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

လူသုံးများတဲ့ messaging ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Telegramကို ထူထောင်ခဲ့သူကို ရုရှားက အကြမ်းဖက် အားပေးမှုနဲ့ မျက်ကွယ်မှာ စွဲချင်တင်ခဲ့ပါတယ်။