Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာတဲ့ အိန္ဒိယ ရုပ်ရှင်မင်းသား ဗီဂျေး

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Tamil Guardian

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

ဗီဂျေးဟာ မေလ ၁၀ ရက်နေ့တုန်းက ချန်နိုင်းမှာရှိတဲ့ ဂျဝါဟလာနာဟ်ရူ မိုးလုံလေလုံ အားကစားကွင်းကြီးမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဗီဂျေးဟာ အနုပညာ နယ်ပယ်ကနေ နိုင်ငံရေးဖက်ကို ကူးဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် ၂၀၂၄ နှစ်ဆန်းပိုင်းမှာ တမီလာဂါ ဗက်ထရီ ကာဇာခမ် (TVK)ပါတီကို စတင် ထူထောင်ခဲ့ပါတယ်။ လေ့လာသူတွေက ဗီဂျေးဟာ လူမှုကွန်ရက်ကို အထိရောက်ဆုံး အသုံးချပြီး လူထုကို စည်းရုံးတဲ့ နည်းဗျူဟာကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

နောက်ဆုံး ကျင်းပပြီးစီးခဲ့တဲ့ ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲမှာ TVKနဲ့ မဟာမိတ်ပါတီတွေဟာ အမတ်နေရာ ၂၃၄ ခုထဲက ၁၂၀ ကို ထိန်းချုပ် ရယူနိုင်ခဲ့ပါတယ်။ ဗီဂျေးနဲ့ သူ့ပါတီဟာ တိုတောင်းလှသေးတဲ့ နိုင်ငံရေး သက်တမ်းမှာတင်ပဲ အံ့ဩချီးကျူးစရာ အောင်မြင်မှုမျိုးကို ပိုင်ဆိုင်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

မေလ ၁၀ ရက်နေ့ အခမ်းအနားမှာတော့ ဗီဂျေးနဲ့အတူ ပြည်နယ် အစိုးရရဲ့ ဝန်ကြီးသစ် ၅ ဦးလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အခမ်းအနားကို အိန္ဒိယ အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ အမျိုးသား ကွန်ဂရက်ပါတီ အကြီးအကဲ ရာဟူလ်ဂန္ဒီ တက်ရောက်ခဲ့ပြီး ဗီဂျေးကို ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။

သူက ဗီဂျေးရဲ့ နိုင်ငံရေး အောင်မြင်မှုဟာ တမီလ်နာဒူ ပြည်နယ်မှာ နိုင်ငံရေး မျိုးဆက်သစ်တစ်ခု၊ အသံသစ်တစ်ခု၊ ပုံရိပ်တစ်ခု ပေါ်ထွန်းလာနေပြီ ဆိုတာကို ထင်ဟပ်စေကြောင်း ပြောပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပြီး ပထမဆုံး အမိန့် ညွှန်ကြားချက် သုံးခုကို ဗီဂျေးက လက်မှတ် ရေးထိုးရာမှာတော့ ပျမ်းမျှ တစ်လကို မီတာယူနစ် ၂၅၀ အောက်ပဲ အသုံးပြုတဲ့ မိသားစုတွေအတွက် ယူနစ် ၂၀၀ ကို အခမဲ့အဖြစ် သတ်မှတ်ပေးဖို့၊ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို သီးသန့်ကိုင်တွယ်မယ့် အမျိုးသမီး အထူး ယူနစ်တစ်ခု ဖွဲ့စည်းပေးဖို့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးအဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

ကျမ်းကျိန်အပြီး လူထုကို ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ဗီဂျေးက သူ့ရဲ့ ပြည်နယ် အစိုးရဟာ အကြီးစား ပရောဂျက်တွေ အကောင်အထည် မဖော်ခင်မှာ ဘဏ္ဍာရေး ရှင်းတမ်းတွေကို လူထုဆီ မခြွင်းမချန် အကုန်အစင် ကြိုတင် ချပြသွားမယ်လို့လည်း ကတိပေးသွားပါတယ်။

လက်ရှိမှာ တမီလ်နာဒူဟာ အကြွေးတင်ပြီး စီးပွားရေးအရ ရုန်းကန်ရတဲ့ ပြည်နယ် တစ်ခု ဖြစ်နေပြီး ဗီဂျေးက ပြည်သူတွေ အနေနဲ့ TVKရဲ့ ရွေးကောက်ပွဲ ကတိတွေ အကောင်အထည်ဖော်တဲ့ ခြေလှမ်းတွေမှာ ယုံကြည်ပေးဖို့၊ စိတ်ရှည်ဖို့၊ အချိန်ပေးဖို့လည်း မေတ္တာရပ်ခံသွားပါတယ်။

ပြည်နယ် ဝန်ကြီးချုပ်ဘဝ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းကိုတော့ ဗီဂျေးက လူထုအနေနဲ့ ယုံကြည်မှုထားဖို့၊ ကောင်းမွန်တဲ့ အရာတွေပဲ ကြုံလာမယ် ဆိုတာကို နားလည်ထားဖို့၊ အောင်မြင်မှုတွေဟာ သေချာနေပြီး သူနဲ့ ပြည်သူတွေ ခဏခဏ တွေ့ဆုံကြဖို့ ပြောပြီး အဆုံးသတ်ခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် ဗီဂျေးဟာ အိန္ဒိယရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်မင်းသား တစ်ဦးလည်းဖြစ်ခဲ့ပြီး သူပါဝင်ခဲ့တဲ့ ရုပ်ရှင်တချို့ဟာ ဝင်ငွေအရလည်း အကြီးအကျယ် အမြတ်အစွန်း ရရှိတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ကိုးကား: Tamil Guardian

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။