မေ ၁၂၊ ၂၀၂၆။ကိုရှမ်းလေး/People’s Spring
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးကို အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်း နှိပ်စက်မှုမှာ ကျူးလွန်တဲ့ တရုတ်နိုင်ငံသား ငါးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး နှစ်ဦးကို တရားရုံးမှာ စွဲချက်တင်ထားပြီလို့ စုံစမ်းသိရပါတယ်။
ထိုင်းနိုင်ငံ ရယောင်းပြည်နယ်က ဟော့ပေါ့ဆိုင်တစ်ဆိုင်မှာ တရုတ်လုပ်ငန်းရှင်ငါးဦးအပါအဝင် ခြောက်ဦးဟာ မြန်မာလုပ်သား ကိုသားသားဆိုသူကို အုပ်စုလိုက် အပြင်းအထန်ရိုက်နှက်ပြီး ရေနွေးပူနဲ့လောင်း နှိပ်စက်ခဲ့ကြတာ ဖြစ်ပါတယ်။
ကိုသားသားဟာ နှိပ်စက်ခံရမှုကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အခုလို ပြန်လည်တရားစွဲဆိုဖို့ ဖြစ်လာတာလို့ အဲဒီအမှုကို လိုက်ပါကူညီပေးနေတဲ့ ကိုနေလင်းသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
” မိထားတာတော့ ၅ယောက်ပေါ့။ တရုတ်မအပါအဝင် နှစ်ဦးကိုတော့ တရားရုံးမှာစွဲချက်တင်နိုင်ထားပြီ။ သုံးဦးကိုတော့ စစ်ဆေးနေဆဲပဲ။ တစ်ဦးက လွတ်နေသေးတယ်။ ဒါပေမယ့် ထိုင်းရဲတွေက သူ့ရဲ့အချက်အလက်တွေကို ရထားပြီ”လို့ ကိုနေလင်းသူက ပြောပါတယ်။
အုပ်စုဖွဲ့ကျူးလွန်သူ တရုတ်နိုင်ငံသားတွေကို အပြစ်ပေးနိုင်ဖို့ ပုဒ်မတွေအများအပြားနဲ့ တင်ပြထားပေမယ့် ဘယ်ပုဒ်မတွေနဲ့ တရားစွဲထားတယ်ဆိုတာ မသိရသေးဘူးလို့လည်း ကိုနေသူလင်းသူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဘန်ကောက်မြို့က မြန်မာသံရုံးက လိုက်ပါကူညီပေးနေတယ်လို့လည်း ကိုနေလင်းသူက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ဇာတိဖြစ်တဲ့ အသက်(၂၇)နှစ်အရွယ် ကိုသားသားဟာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ရောက်ရှိတာ နှစ်လခန့်သာ ရှိပါသေးတယ်။ ထိုင်းနိုင်ငံ ရယောင်းပြည်နယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ တရုတ်စကားပြန်အဖြစ် လုပ်ကိုင်နေတာလို့ ကိုသားသားက လူထုနွေဦးကို ပြောထားပါတယ်။
တရုတ်လူမျိုးအမျိုးသမီး ပွဲစားလုပ်ငန်းရှင်တစ်ဦးက အလုပ်သွင်းပေးတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ ဧပြီ ၂၈ရက်မှာ တခြားအလုပ်တစ်ခုကို ပြောင်းလဲ လုပ်ကိုင်ခဲ့တယ်လို့ ကိုသားသားက ပြောပါတယ်။
ဧပြီ ၃၀ရက်မှာတော့ တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်နဲ့ အဖွဲ့က ကိုသားသားကို လစာပေးမယ်ဆိုပြီး လာခေါ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လစာက ဘတ် ၂၀,၀၀၀ ဖြစ်ပေမယ့် ဘတ် ၁၂,၀၀၀ လောက် မရသေးဘူးလို့ သိရပါတယ်။
အဲဒီနောက်ရယောင်းမှာရှိတဲ့ ဟော့ပေါ့စားသောက်ဆိုင်တစ်ခုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီနေရာက အခန်းတစ်ခန်းထဲမှာလူတစ်စုက အသင့်စောင့်နေခဲ့ပါတယ်။ စောင့်နေတဲ့လူစုထဲက တရုတ်လူမျိုးအမျိုးသမီးပွဲစားလုပ်ငန်းရှင်အပါအဝင် တရုတ်လူမျိုး ၅ ဦးနဲ့ အခြားတစ်ဦး စုစုပေါင်း ၆ဦးက ဝိုင်းဝန်းအကြမ်းဖက်ရိုက်နှက် နှိပ်စက်ခဲ့တာလို့ ကိုသားသားက ပြောပါတယ်။
ဂေါက်ရိုက်တံနဲ့ အပြင်းအထန်ရိုက်နှက်ပြီးတော့ ရေနွေးပူနဲ့ လောင်းတယ်လို့ ကိုသားသားက ပြောပါတယ်။ တစ်ယောက်စီ အလှည့်ကျ ပုံစံနဲ့ ဂေါက်ရိုက်တံနဲ့ ရိုက်တယ်၊ ရေနွေးပူနဲ့လောင်းပြီး နှိပ်စက်ခံရမှုဟာ နာရီနဲ့ချီ ကြာခဲ့ပါတယ်။ ရေနွေးပူအိုး ၄အိုးအထိ အလောင်းခံရတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ၅အိုးမြောက် ပါးစပ်ထဲကို ရေနွေးပူနဲ့လောင်းမယ့်အချိန်မှာ ရုန်းပြီးထွက်ပြေးတာလို့ သူကဆို ပါတယ်။သူတို့ အသေသတ်တော့မယ်ဆိုတာ သိလို့ ထွက်ပြေးခဲ့တာလို့လည်း သူက ဆက်ပြီးပြောပါတယ်။
အလုပ်ရှင်တွေက သူဟာ လုပ်ဖော်ကိုင်ဖက် ရွှေ့ပြောင်းအလုပ်သမားတွေကို လစာသေချာမပေးတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဆက်မလုပ်ဖို့ မြှောက်ပင့် သွေးထိုးပေးခဲ့တယ်လို့ စွပ်စွဲပြီး အခုလို အကြမ်းဖက်ခဲ့တာလို့ ကိုသားသားက ပြောပါတယ်။
တရုတ်ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ အဲဒီ စွပ်စွဲချက်တွေဟာမှားယွင်းကြောင်း၊လစာပေးတာ နောက်ကျလို့ အလုပ်သမား အများအပြားက သူတို့သဘောနဲ့သူတို့ အလုပ်ထွက်ကုန်ကြတာ ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။
ဝန်ထမ်း၂၀၀လောက်ရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အများစုဟာ လစာမှန်မှန်မရတဲ့ ပြဿနာကြောင့် အလုပ်ထွက်ကုန်ကြတာဖြစ်ပါတယ်။
သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူတွေက တခြားသူတွေ နှိပ်စက်ခံနေရတဲ့ဗီဒီယိုတွေကိုလည်း ပြသပြီး ခြိမ်းခြောက်ခဲ့ကြောင်း၊ ခြေလက် ဖြတ်တောက် ခံထားရသူတွေ၊ ဓာတ်လိုက်ခံနေရသူတွေကို ဗီဒီယိုထဲမှာ မြင်ခဲ့ရကြောင်းလည်း ကိုသားသားက ပြန်ပြီးပြောပါတယ်။
သူတို့က သူ့လက်သည်းတွေကိုပါ ပလာယာနဲ့ ဆွဲနုတ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်သည်းတွေက တိုလွန်းနေတော့ မအောင်မြင်ခဲ့ကြောင်းလည်း သူက ဆက်ပြောပါတယ်။
သူဟာ ဟော့ပေါ့ဆိုင်ရဲ့ နောက်ဘက်က တောတနေရာကနေ ထွက်ပြေးပြီး အခြားစက်ရုံဝင်းတစ်ခုအတွင်းဝင်ရောက်ကာ အကူအညီတောင်းခံခဲ့တာလို့ ဆိုပါတယ်။
အခြားစက်ရုံဝန်းထဲမှာရှိတဲ့သူတွေက ကူညီပေးတာကြောင့် ထိုင်းရဲ ၂ ဦးက ကိုသားသား လာခေါ်ပေးခဲ့လို ဧပြီ ၃၀ရက်ညမှာ ရဲစခန်းလိုက်သွားတယ်လို့ ပြောပါတယ်။
နောက်တနေ့မနက်မှာ ထိုင်းရဲတွေက သူ့ကိုခေါ်ပြီး နှိပ်စက်ခံရတဲ့ နေရာကို လိုက်လံပြသဖို့ ခေါ်သွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆိုင်ရောက်ချိန်မှာ ဆိုင်ရှင်တွေက မလာသေးတာကြောင့် ပြန်လာခဲ့ပြီး ထိုင်းရဲတွေက အမြန်လမ်းဘေးတနေရာမှာ ကိုသားသားကို ချထားခဲ့တယ်လို့ ဆိုပါတယ်။
လမ်းဘေးမှာချထားခဲ့တဲ့အတွက် ၅ နာရီကြာ လမ်းလျှောက်နေခဲ့ရာကနေ မြန်မာလုပ်သားတစ်ဦးနဲ့ တွေ့ပြီး အကူအညီတောင်းခဲ့တာကြောင့် မြန်မာအဖွဲ့အစည်းတွေထံ ဆက်သွယ်ပြီး အမှုဖွင့်တိုင်ကြားဖို့ ဖြစ်လာတာလို့ ကိုနေလင်းသူက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီဖြစ်စဉ် အမှုကို ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေအရေး ကူညီပေးရာမှာ နာမည်ရှိတဲ့ တက်ကြွလှုပ်ရှားသူ ရှေ့နေဖိတန်က လိုက်ပါကူညီဆောင်ရွက်ပေးနေတယ်လို့ ကိုနေလင်းသူက ပြောပါတယ်။

















































