အာဏာပိုင်တွေကို လှောင်ပြောင်သရော်တဲ့ ပိုးဟပ်ပါတီ နိုင်ငံရေး လှုပ်ရှားမှုဟာ အိန္ဒိယကနေ ပါကစ္စတန်ကို ကူးစက်သွားပါတယ်။
အခုဆိုရင် ပါကစ္စတန်မှာလည်း ပိုးဟပ် အေဝါမီ ပါတီ (CAP)နဲ့ ပိုးဟပ် အေဝါမီ အဖွဲ့ချုပ် (CAL)ဆိုတဲ့ အွန်လိုင်း နိုင်ငံရေး ပါတီတွေ ပေါ်ထွန်းလာနေပြီလို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အာရှ တောင်ပိုင်း နှစ်နိုင်ငံမှာ လူအများရဲ့ အာရုံကို ခပ်မြန်မြန် ဖမ်းစားလာနိုင်တဲ့ ပိုးဟပ်ပါတီ လှုပ်ရှားမှုဟာ အိန္ဒိယ တရားသူကြီးချုပ်ရဲ့ စကားအမှား တစ်ခွန်းကစနေ အစပြုခဲ့တာ ဖြစ်ပါတယ်။
မေလလယ်မှာ အိန္ဒိယ တရားသူကြီးချုပ် ဆူရာကန့်က နိုင်ငံရဲ့ ငယ်ရွယ်ပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့ တက်ကြွလှုပ်ရှားသူတွေကို ပိုးဟပ်တွေ၊ ကပ်ပါးကောင်တွေနဲ့ ခိုင်းနှိုင်း ဝေဖန်ခဲ့ပါတယ်။ အဲဒီ အင်းဆက်ပိုးမွှားတွေဟာ ညစ်ညမ်းပြီး သုတ်သင်ရှင်းလင်းဖို့ ခက်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ အိန္ဒိယမှာ ပုတ်ခတ် သုံးနှုန်းလေ့ ရှိပါတယ်။

Public Service Announcement
နောက်ပိုင်းမှာတော့ ကန့်က သူဆိုလိုတာက ဘွဲ့အတုတွေ ကိုင်ထားတဲ့သူတွေကိုပဲ ဆိုလိုပြီး လူငယ်ထု တစ်ခုလုံးကို စော်ကားတာမျိုး မဟုတ်ဘူးလို့ ပြန်ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့စကားကို တုံ့ပြန် လှောင်ပြောင်တဲ့ အွန်လိုင်း လှုပ်ရှားမှုကတော့ အဲဒီအချိန်မှာ စတင်လာခဲ့ပါတယ်။
မေလ ၁၆ ရက်နေ့တုန်းက အမေရိကန်မှာ အခြေစိုက်တဲ့ အိန္ဒိယ နိုင်ငံရေးသမားဟောင်း အက်ဘ်ဟီဂျိထ် ဒစ်ပ်ကီက ပိုးဟပ်ဂျန်တာပါတီ (CJP)ကို လူမှုကွန်ရက်ပေါ်က သရော်လှုပ်ရှားမှုအဖြစ် စတင် ထူထောင်ခဲ့ပါတယ်။ ပြီးတော့ ပါတီဝင် ဖြစ်ချင်သူတွေအတွက် အချက်အလက်တွေ ဖြည့်ပေးဖို့ Google formပါ ထုတ်ပေးလိုက်ပါတယ်။ အဲဒီ အွန်လိုင်းပါတီက အိန္ဒိယမှာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အလုပ်လက်မဲ့ လူငယ်တွေရဲ့ အသံကို ကိုယ်စားပြုမယ်လို့ ရွှတ်နောက်နောက် ကြေညာခဲ့ပါတယ်။ ပြီးတော့ အစိုးရဆီက ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်အကိုင်ရေးရာနဲ့ ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍတွေ ပိုကောင်းလာအောင် စီမံပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီ နိုင်ငံရေး သရော်မှုဟာ အွန်လိုင်းပေါ်မှာ အံ့ဩစရာ ကောင်းလောက်အောင် လူထု စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ရက်အနည်းငယ်လေး အတွင်းမှာတင် Instagramမှာ follower ၁၅ သန်းလောက် တိုးလာခဲ့ပါတယ်။ နောက်တော့ လူမှုကွန်ရက် ပလက်ဖောင်း Xမှာရှိတဲ့ CJPရဲ့ Follower ၂ သိန်းလောက်ရှိတဲ့ အကောင့်ကို အိန္ဒိယ အစိုးရက တားဆီးထားလိုက်ပေမယ့် နောက်တော့ ပြန်ပေါ်လာပြီး လှုပ်ရှားမှုတွေ ဆက်ရှိနေပါတယ်။
အိန္ဒိယ လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ CJPက အရမ်းရေပန်းစားလာတဲ့နောက် ပြိုင်ဘက် ပါကစ္စတန် နိုင်ငံမှာလည်း အလားတူ အစိုးရကို သရော်တဲ့ လှုပ်ရှားမှုအဖြစ် CAPနဲ့ CAJတို့လို အွန်လိုင်းပါတီတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ CAPကတော့ အိန္ဒိယမှာ ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုကို မှီငြမ်းပြီး မျိုးဆက်သစ် လူငယ်တွေရဲ့ မကျေနပ်ချက်တွေကို ဖော်ပြဖို့ အခုလှုပ်ရှားမှုကို စတင်ခဲ့တာလို့ ပြောပါတယ်။ မေလ ၂၁ ရက်နေ့ထိ အခြေအနေအရ CAPမာ followerပေါင်း ၁၆၀၀ ကျော်လောက် ရှိနေပါတယ်။
CJPဟာ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ ကိုယ်စားပြုနေတဲ့ အာဏာရ ဘာဟ်ရာတီယာ ဂျန်နက်တာပါတီ (BJP)ကို တိုက်ရိုက် သရော်ထားတဲ့ နာမည်ဖြစ်တာကြောင့်လည်း အစိုးရအတွက် သွားကျိန်းစရာ ဖြစ်နေတာပါ။ CJP လှုပ်ရှားမှုကို အိန္ဒိယ ပြည်သူ အများအပြားက သဘောကျ ထောက်ခံနေတယ် ဆိုတာက အစိုးရရဲ့ မူဝါဒတွေနဲ့ ကိုင်တွယ်ပုံတွေအပေါ် လူထုကြား မကျေနပ်မှုတွေ ရှိနေတယ် ဆိုတာကိုပါ မြင်သာစေခဲ့ပါတယ်။
သတင်းတွေရဲ့ အဆိုအရ CJPဟာ Instagramမှာ followerပေါင်း ၁၃.၄ သန်းလောက် ရရှိခဲ့ချိန်မှာတင် BJPရဲ့ follower ဦးရေကို ကျော်တက်ပြီး followerဦးရေ အများဆုံး အိန္ဒိယ နိုင်ငံရေးပါတီ ဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC, India Today
















































