Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ စစ်သားတွေပါတဲ့ ရထားကို ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံး

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၂၄ ရက် မနက်ပိုင်းက ကွက်တာမြို့ရဲ့ ချာမန် ဖာတက်ခ် ဘူတာကို ရထားရောက်ရှိလာချိန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ကွက်တာဟာ ပါကစ္စတန် အနောက်ပိုင်းက ဘာလိုချီစတန် ပြည်နယ်ရဲ့ မြို့တော် ဖြစ်ပါတယ်။

ပေါက်ကွဲမှု အရှိန်ကြောင့် ရထားတွဲ သုံးခုနဲ့ ရထားစက်ခေါင်းတို့ဟာ သံလမ်းကနေ ချော်ထွက်သွားခဲ့ပြီး ရထားတွဲ နှစ်ခုကတော့ တိမ်းမှောက်သွားခဲ့တယ်လို့ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်နယ် အစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ အသေခံ ဗုံးသမား တစ်ဦးရဲ့ လက်ချက်ဖြစ်ပြီး နောက်ကွယ်မှာ ဘာလိုချီစတန် လွတ်မြောက်ရေးတပ် (BLA)က ညွှန်ကြားခဲ့တာလို့ စွပ်စွဲထားပါတယ်။ ဘာလိုချီစတန် ပြည်နယ် ခွဲထွက်ရေးအတွက် လက်နက်ကိုင် လှုပ်ရှားနေတဲ့ BLAကလည်း ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်တဲ့ နေရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာတော့ ရထားတွဲတွေသာ မကဘဲ ဘူတာတဝိုက်မှာ ရပ်နားထားတဲ့ ကားတွေပါ မီးကျွမ်းပြီး တွန့်လိမ်နေတာကို တွေ့ခဲ့ရပါတယ်။

ခရီးသည်တွေ လိုက်ပါလာတဲ့ ရထားက ဆက်လက် ခုတ်မောင်း ရွေ့လျားနေဆဲ အချိန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ မျက်မြင်သက်သေ ထွက်ချက်တွေအရ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ကားတစ်စီးက ရထားကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး အပါအဝင် အယောက် ၂၀ သေဆုံးကြောင်း၊ ဒါပေမဲ့ သေဆုံးစာရင်းဟာ ဒီထက် တိုးလာနိုင်ကြောင်း ဘာလိုချီစတန် ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။ စစ်သားတွေဟာ အဲဒီ ခရီးသည်တင် ရထားနဲ့အတူ စီးနင်း လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က အဲဒီ တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချခဲ့ပြီး အခုလို သူရဲဘောကြောင်တဲ့ အကြမ်းဖက်မှုမျိုးကြောင့် ပါကစ္စတန် ပြည်သူတွေရဲ့ ခိုင်မာပြတ်သားတဲ့ သံန္နိဋ္ဌာန်တွေက ပျက်စီးသွားမှာ မဟုတ်ဘူးလို့ ကြုံးဝါးသွားပါတယ်။

ပေါက်ကွဲမှုအပြီး ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့တာကြောင့် ဘာလိုချီစတန်က ဆေးရုံ အတော်များများမှာ အရေးပေါ် အခြေအနေ ကြေညာပြီး ရောက်ရှိလာတဲ့ လူနာတွေကို လက်ခံ ကုသပေးနေခဲ့ရပါတယ်။

ဘာလိုချီစတန်မှာတော့ BLAက ရထားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း Jaffar Express မီးရထားလိုင်းရဲ့ ရထားတွေဟာ BLAရဲ့ ရန်လိုမှုတွေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ပါတယ်။

မနှစ်က မတ်လတုန်းကလည်း ပီရှာဝါဆီ ဦးတည်ခုတ်မောင်းနေတဲ့ ရထားတစ်စီးကို BLA အဖွဲ့ဝင်တွေက အနုကြမ်းစီးပြီး ခရီးသည် တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။

BLAက ပါကစ္စတန် အစိုးရဟာ ဘာလိုချီစတန် ပြည်နယ်ရဲ့ ကြွယ်ဝတဲ့ ဓာတ်သတ္တု အရင်းအမြစ်တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေပြီး ဒေသခံတွေရဲ့ဘဝ သာယာ တိုးတက်ရေးကိုတော့ မျက်ကွယ်ပြုထားကြောင်း စွပ်စွဲ ဝေဖန်ထားပါတယ်။

ဘာလိုချီစတန်ဟာ ပါကစ္စတန်ရဲ့ အကြီးဆုံး ပြည်နယ်ဖြစ်ပြီး နိုင်ငံ အကျယ်အဝန်းရဲ့ ၄၄ ရာခိုင်နှုန်းစာလောက်နဲ့ ညီမျှပါတယ်။ တည်နေရာအရ အီရန်၊ အာဖဂန် နစ္စတန်တို့နဲ့ နယ်နိမိတ် ထိစပ်နေသလို အာရေဗျ ပင်လယ် ကမ်းရိုးတန်း ဒေသတွေလည်း ဖွဲ့စည်း ပါဝင်နေပါတယ်။ ပြည်နယ်က ကြီးမားပေမယ့် ဘာလိုချီစတန်ရဲ့ လူဦးရေဟာ နိုင်ငံရဲ့ စုစုပေါင်း လူဦးရေ သန်း ၂၄၀ ထဲက ၅ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့လည်း သိရပါတယ်။

ကွက်တာနဲ့ အနီးတဝိုက် ဒေသတွေမှာ ဖေဖော်ဝါရီ လဆန်းပိုင်းတုန်းကလည်း BLAနဲ့ ပါကစ္စတန် လုံခြုံရေး တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါကစ္စတန် နိုင်ငံက ရဲစခန်း တစ်ခုမှာ ဖွင့်လှစ်ထားရာ ဗလီကို အသေခံ ဗုံးခွဲပြီး ဝင်ရောက် စီးနင်းပစ်ခတ်တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆေးရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာက မွေးကင်းစ ကလေးငယ် ၁၄ ဦး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ရထားတိုက်ခံရလို့ ဘူတာရုံက အလုပ်သမား ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။