မေ-၂၆၊၂၀၂၆။ဆဏ်း/People’s Spring
အဆိုတော်ထူးအိမ်သင် ရေးဖွဲ့ထားတဲ့ “အရေးကြီးပြီ” သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။
“စစ်တပ်နဲ့ သူတို့အလိုတော်ရိတွေဟာ ကိုယ်တိုင်လူထုကြိုက်မယ့်အနုပညာကိုအသစ်မဖန်တီးတတ်တဲ့အခါ စစ်တပ်ဟာ ပြည်သူတွေ ကြိုက်နှစ်သက်တဲ့ သီချင်းကို ဇာတ်လမ်း အတု ဆင်ပြီး ပြည်သူနဲ့ သူ့တပ်ကို လှည့်ဖြားဖို့ ကြိုးစားတာပါဘဲ။ကိုထူးအိမ်သင်ရဲ့လက်ရာကို ခိုးယူပြီး သူတို့စိတ်ကြိုက် စာသားတွေ ညှပ်၊ ပြောင်းလဲပြီး အမြတ်ထုတ်လိုက်တာဘဲ။” လို့ မွန်းအောင်က ဖေစ်ဘွခ်မှာစာရေးသားပြောကြားထားတာပါ။
စစ်တပ်က အရေးကြီးပြီ သီချင်းထဲက စာသားတချို့ကို အပြောင်းအလဲပြုလုပ်ပြီး စစ်ဝါဒဖြန့်သီချင်း အနေနဲ့ ရုပ်သံတွေမှာအခုရက်ပိုင်း ထုတ်လွှင့်နေတာပါ။

Public Service Announcement
ဒါ့အပြင် စစ်တပ်ဘက်က ဒီသီချင်းကို သူတို့ခိုးယူတာမဟုတ်ဘူးငြင်းဆိုထားပြီး ၁၉၆၀ လောက်ကတည်းက ရှိခဲ့တဲ့ သီချင်းဖြစ်တယ်လို့ပါ လိမ်လည်ဝါဒဖြန့်ချိနေတာပါ။
“ကိုထူးအိမ်သင်ရေ ခင်ဗျားရဲ့အနုပညာဟာဘယ်လောက် ကြောက်စရာ ကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင်မှ ယူသုံး အမြတ်ထုတ်ရပါသတဲ့။ ခင်ဗျားကိုယ်တိုင် ကျနော့်ဘေးမှာ ရေးသွားခဲ့တာ။ ကျနော်အသက်ရှိနေသမျှ ခင်ဗျားရဲ့ အနုပညာကိုကာကွယ်ပါ့မယ်။သေသွားရင်လည်း ကျနော့်စကားတွေဟာ မှန်ကန်ကြောင်း နှောင်းလူတွေ စစ်ဆေး စမ်းသပ်နိုင်ပါလိမ့်မယ်။” လို့ သီချင်းရေးခဲ့ချိန်က အတူရှိတဲ့ အကြောင်းကို မွန်းအောင်က အတည်ပြုထားပါတယ်။
စစ်တပ်ဘက်က လိမ်လည်ထားသလို ၁၉၆၀ လောက်က တကယ် ထုတ်ခဲ့တာဆိုရင်မူရင်းသီချင်း ဓာတ်ပြားဟောင်း လေး နားထောင်ချင်ပါတယ်လို့ မွန်းအောင်ကတုံ့ပြန်ထားပါတယ်။
“သမိုင်းကိုဘယ်လောက်ပဲအတုအယောင် ဓာတ်ပြားတွေနဲ့ လိမ်ညာဖို့ ကြိုးစားပါစေ၊ အနုပညာရှင်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်နဲ့ ကျနော့်လိုသက်ရှိထင်ရှား သမိုင်းသက်သေတွေ ရှိနေသရွေ့ အတုဟာ အစစ်ကို ဘယ်တော့မှ မကျော်နိုင်ပါဘူး။အတုနဲ့အစစ်ဟာ နံ့သာဆီနဲ့ အီးပါဘဲဗျာ။ဖန်တီးထပ်ရင် (ဖန်တီးတက်ရင်) သေသေချာချာ အသစ်တခု ဖန်တီးကြစမ်းပါ။” လို့ မွန်းအောင်က အကြံပြုထားပါတယ်။
အရေးကြီးပြီ သီချင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလည်း စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့ နဲ့ စစ်တပ်က ဝါဒဖြန့်သီချင်းအနေနဲ့ လုပ်ကြံဖန်တီးခဲ့ဖူးပါတယ် ။အဲဒီ့အချိန်ကလည်း ဓာတ်ပြားဟောင်းတစ်ခုကို အတုဖန်တီးကာလိမ်လည်ခဲ့တာကြောင့် ဖြေရှင်းခဲ့ဖူးတယ်လို့ မွန်းအောင်က ဆိုပါတယ်။
“တိုင်းပြည်အုပ်ချူပ် မင်း လုပ်နိုင်ဖို့ လူပေါင်းစွာကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူတွေကို လေယာဉ်နဲ့ဗုန်းကျဲ၊ အမြှောက်တွေနဲ့ထု၊ လည်ပင်းတွေလှီး၊ မိန်းမငယ်လေးတွေကို လိင်အမြတ်ထုတ်နေတဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေကို လက်သံပြောင်ပြောင်လုပ်နေနိုင်တာဘဲ။ သီချင်းလေးတပုဒ်ကို လှည့်ပတ် လိမ်နေမယ့်အစား ကိုယ့်ဘာသာကိုယ် ဖန်တီးကြပါလား။”လို့ မွန်းအောင်က ပြောထားပါတယ်။
















































