Connect with us

Hi, what are you looking for?

ဆောင်းပါး

သားဥအိမ်ကင်ဆာဝေဒနာရှင်များအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်

“ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်”

-သန္တာဖြူ ရေးသားသည်။

ကမ္ဘာတစ်ဝန်းက အမျိုးသမီးထုကို ခြိမ်းခြောက်နေပြီး သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်တဲ့ သားဥအိမ်ကင်ဆာ (Ovarian Cancer) ဟာ အသံတိတ်လူသတ်သမားတစ်ဦးလိုပါပဲ။

စောစောစီးစီးသိရှိဖို့ ခေတ်မီတဲ့ စစ်ဆေးနည်းမရှိသလို၊ ရောဂါလက္ခဏာပြချိန်မှာ နောက်ကျနေတတ်တာမို့ အမျိုးသမီးများစွာအတွက် စိုးရိမ်ထိတ်လန့်စရာ အကောင်းဆုံးရောဂါ ဖြစ်နေပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ဒီကြောက်မက်ဖွယ် ကင်ဆာရောဂါဆိုးကြီးကို အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့ ကြီးမားတဲ့ သတင်းကောင်းတစ်ခု ကမ္ဘာ့ဆေးပညာလောကကနေ ထွက်ပေါ်လာခဲ့ပါပြီ။

Public Service Announcement

Public Service Announcement

အစ္စရေးနိုင်ငံWeizmann Institute of Scienceမှသုတေသီများဟာ ကမ္ဘာမှာ ဘယ်သူမှ မရှာဖွေဖူးသေးတဲ့ အံ့ဩစရာတွေ့ရှိမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကတော့ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာရှိတဲ့ ‘Memory’ B cells (မှတ်ဉာဏ် B ဆဲလ်များ) ဟာ သားဥအိမ်ကင်ဆာကျိတ်တွေကိုမှတ်မိနိုင်ပြီးအောင်မြင်စွာ တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာပါပဲ။

ယခင်က ဆေးပညာလောကဟာ ဒီ မှတ်ဉာဏ် B ဆဲလ်တွေကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားလိုမျိုး ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကိုပဲ မှတ်မိတိုက်ထုတ်နိုင်တယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့အခုသုတေသနအရတော့ ဒီဆဲလ်တွေဟာ ကင်ဆာကျိတ်တွေကိုပါ ရန်သူလိုခွဲခြားသိမြင်ပြီး ကင်ဆာတိုက်ဖျက်ရေး အင်တီဘော်ဒီ (Antibodies) တွေကို ထုတ်လုပ်ပေးနိုင်ကြောင်း သက်သေပြလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ကင်ဆာဝေဒနာရှင်တွေအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ လုံးဝကို ဆန်းသစ်တဲ့ ချဉ်းကပ်မှုအသစ်တစ်ခုပါပဲ။သားဥအိမ်ကင်ဆာရဲ့ လျှို့ဝှက်ချက်နှင့် ဗီဇအန္တရာယ်ကတော့ ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ အဖြစ်အများဆုံး သားဥအိမ်ကင်ဆာ (HGSOC)ဟာတကယ်တမ်းတော့ သားဥအိမ်ကနေ တိုက်ရိုက်စတာမဟုတ်ဘဲ၊ သားဥအိမ်နဲ့ ကပ်နေတဲ့ သားဥပြွန် (Fallopian tube) ရဲ့ အဖျားပိုင်းကနေ စတင်မြစ်ဖျားခံပြီးမှ သားဥအိမ်ဆီကို ကူးစက်ပြန့်ပွားသွားတာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားပြီးဖြစ်ပါတယ်။

အထူးသဖြင့် မိသားစုမျိုးရိုးထဲမှာ BRCA1 နဲ့ BRCA2 လို့ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှု ရှိသူတွေမှာ ဒီကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်း အလွန်များပါတယ်။ဒီ ဗီဇပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ DNA ပျက်စီးမှုတွေကို ပြုပြင်ပေးမယ့် ပရိုတင်းဓာတ်တွေ မထုတ်လုပ်နိုင်တော့ဘဲ ကင်ဆာကျိတ်တွေ အရှိန်အဟုန်နဲ့ ကြီးထွားလာရခြင်း ဖြစ်ပါတယ်။

သုတေသနအဖွဲ့ကို ဦးဆောင်သူ ဒေါက်တာ နာချမ်နာသန်ဟာ သားဥအိမ်ကင်ဆာ ဝေဒနာရှင် ၁၁ ဦးရဲ့ပြန်ရည်ကျိတ် (Lymph node)နဲ့ကင်ဆာကျိတ် (Tumor)နမူနာတွေကိုဓာတ်ခွဲစမ်းသပ်ခဲ့ပါတယ်။

ဆဲလ်တစ်ခုချင်းစီမှာ သီးသန့် အင်တီဘော်ဒီ အစဉ်လိုက်ပုံစံ (Barcode ကဲ့သို့) ရှိကြပါတယ်။

အံ့ဩစရာကောင်းတာက ပြန်ရည်ကျိတ်ထဲက ဆဲလ်နဲ့ ကင်ဆာကျိတ်ထဲက ဆဲလ်တွေမှာတစ်ပုံစံတည်းတူညီတဲ့ ဘားကုဒ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

ဒါဟာ မှတ်ဉာဏ်ဆဲလ်တွေက ပြန်ရည်ကျိတ်ကနေ ကင်ဆာကျိတ်ဆီကို တိုက်ရိုက်ခရီးဆန့်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ဖို့ အင်တီဘော်ဒီတွေ ထုတ်လုပ်ပေးနေတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေပဲ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ ဒီအင်တီဘော်ဒီတွေကို ဖန်တီးပြီး စမ်းသပ်ကြည့်တဲ့အခါမှာလည်း သုံးပုံတစ်ပုံကျော်ဟာ ကင်ဆာဆဲလ်တွေကို ပြင်းပြင်းထန်ထန် သွားရောက်တွဲကပ် တိုက်ဖျက်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

ဒီကမ္ဘာ့သတင်းကောင်းဟာ တကယ်တော့ ကမ္ဘာ့အမျိုးသမီးတွေတင်မကဘဲမြန်မာနိုင်ငံက အမျိုး

သမီးထုအတွက်ပါ အလွန်အရေးပါလှပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအကြား ဖြစ်ပွားမှုအများဆုံး ကင်ဆာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာပြီးရင်သားအိမ်ကင်ဆာဟာ ထိပ်ဆုံးကဏ္ဍကပါဝင်နေပါတယ်။

မြန်မာအမျိုးသမီး အများစုဟာ ဗိုက်ကယ်ခြင်း၊ လေပွခြင်း၊ ဆီးခဏခဏသွားခြင်းနဲ့ တင်ပါးဆုံဝန်းကျင် နာကျင်ခြင်း စတဲ့ သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေကိုသာမန်လေထိုးလေအောင့်ရောဂါလို့ပဲ ထင်မှတ်မှားတတ်ကြပါတယ်။ရောဂါရှာဖွေရခက်ခဲတာကြောင့် ဆေးရုံ၊ ဆေးခန်းရောက်ရှိချိန်မှာ ရောဂါက အဆင့် (၃) သို့မဟုတ် အဆင့် (၄) အထိ ရောက်ရှိသွားတာမျိုး အဖြစ်များပါတယ်။

ဒါကြောင့်အစ္စရေးသိပ္ပံပညာရှင်တွေရဲ့ အခုတွေ့ရှိချက်ဟာ ဆေးဝါးကုသစရိတ်ကြီးမားပြီး ရောဂါအဆင့်နောက်ကျမှ သိရှိရလေ့ရှိတဲ့ မြန်မာက ဝေဒနာရှင်တွေအတွက် နောင်တစ်ချိန်မှာ ကုန်ကျစရိတ်သက်သာပြီး ပစ်မှတ်ထားကုသနိုင်မယ့်မျှော်လင့်ချက်အလင်းတန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ခုခံအားစနစ်မြှင့်တင်ပြီး ကင်ဆာကုသတဲ့နည်းလမ်း (Immunotherapy) ဟာ အခြားကင်ဆာတွေမှာ အောင်မြင်ပေမဲ့ သားဥအိမ်ကင်ဆာမှာတော့ ထိရောက်မှု အားနည်းနေပါသေးတယ်။ ဒါဟာ ကင်ဆာတိုက်ဖျက်မယ့် B ဆဲလ်တွေ ခန္ဓာကိုယ်ထဲမှာ ရှိနေပေမဲ့ငြိမ်သက် (Inactive) နေလို့ပဲ ဖြစ်ပါတယ်။

အခု တွေ့ရှိချက်အသစ်ကတော့ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ရှိနေပြီးသား ဒီကင်ဆာတိုက်ဖျက်ရေး B ဆဲလ်တွေကိုကာကွယ်ဆေး(Vaccine)တစ်ခုခုနဲ့ နှိုးဆွပေးနိုင်ရင်၊ သူတို့က ကင်ဆာကျိတ်တွေကို ပစ်မှတ်ထားပြီး အလိုအလျောက် ခြေမှုန်းပေးတော့မှာ ဖြစ်ပါတယ်။

ဆေးပညာရှင်များကတော့ ဒီတွေ့ရှိချက်အပေါ် အခြေခံပြီး နောက်တစ်ဆင့်အနေနဲ့ လူသားတွေနဲ့ လက်တွေ့စမ်းသပ်တဲ့ Clinical Trials တွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်နေကြပြီး၊ မကြာခင် အနာဂတ်မှာ သားဥအိမ်ကင်ဆာကြောင့် အသက်ဆုံးရှုံးရမှုကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေး ကမ္ဘာပေါ်မှာ ပေါ်ထွက်လာတော့မယ်လို့ ယုံကြည်နေကြပါတယ်။

Reference:The Times of Israel l May 27, 2026

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။