ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
ဇွန်လ ၇ ရက်နေ့တုန်းက ဒိုမီနီကန်နိုင်ငံ တောင်ပိုင်းက လာရိုမာနာ နိုင်ငံတကာ လေဆိပ်ကို ကိုယ်ပိုင် ဂျက်လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း ပေါက်ကွဲ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ G200 အမျိုးအစား ဂျက်လေယာဉ်ဟာ ပြေးလမ်းပေါ် ကဆုန်ပေါက် ဆင်းသက်ရင်း မြက်ခင်းပြင်ပေါ် လမ်းချော် ရောက်ရှိလာတဲ့နောက် ပေါက်ကွဲပြီး မီးစွဲလောင်သွားခဲ့တာပါ။
လေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်ပြီး အမေရိကန်နိုင်ငံ၊ အော်စတင်မြို့ဆီ ဦးတည်ပျံသန်းနေခဲ့ရာက စက်ချွတ်ယွင်းမှု ပြဿနာ တစ်ခုကြောင့် နောက်ကြောင်းပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခွင့် တောင်းခံခဲ့ကြောင်း လေဆိပ် အာဏာပိုင်တွေက ပြောပါတယ်။ ထွက်ပေါ်လာတဲ့ မှတ်တမ်း ဗီဒီယိုတွေမှာတော့ လေယာဉ်ရဲ့ နောက်ဘီးတွေ ချမရလို့ ဝမ်းဗိုက်နဲ့ လျှပ်ပြီး ဆင်းသက်ဖို့ ကြိုးစားခဲ့တဲ့ အခြေအနေမျိုး တွေ့ခဲ့ရပါတယ်။
လေယာဉ်ပေါ်မှာ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူးတို့သာ လိုက်ပါလာခဲ့ပြီး နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း လေဆိပ် တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement
ဒိုမီနီကန် အရပ်ဖက် လေကြောင်း လုံခြုံရေးဌာနနဲ့ လေကြောင်းမတော်တဆမှုများ စုံစမ်းစစ်ဆေးရေး ကော်မတီတွေက အခုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၈ ရက်နေ့ထိ အခြေအနေ အရတော့ လေယာဉ်ပျက်ကျမှု အကြောင်းရင်းနဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဒိုမီနီကန် အာဏာပိုင်တွေက ကြေညာတာမျိုး မရှိသေးပါဘူး။
ကိုးကား: Deccan Herald


















































