အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။
မဟာမိတ် ကာတာနိုင်ငံရဲ့ တော်ဝင် မိသားစုက လက်ဆောင် ပေးထားပြီး လေပေါ် ဇိမ်ခံ နန်းတော်ကြီးလို့ တင်စားခံရတဲ့ Boeing 747-8 လေယာဉ်ကို Air Force Oneအဖြစ် ပြောင်းလဲထားတာပါ။ အမေရိကန်မှာ Air Force One နှစ်စီး ရှိနေပေမယ့်လည်း သက်တမ်း အိုဟောင်းနေပြီး အခုလေယာဉ်လောက်လည်း နည်းပညာ အဆင့်မမြင့်ပါဘူး။
ကာတာဆီက လေယာဉ်ကို လက်ခံယူပြီးတဲ့နောက် အမေရိကန်ဟာ အတွင်းပိုင်း စစ်ဆေးမှုတွေ၊ Air Force One လေယာဉ်အဖြစ် အသုံးပြုနိုင်ဖို့ သင့်လျော်တဲ့ မွမ်းမံမှုတွေကို လအတော်ကြာ အချိန်ယူ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ထရမ့်ဟာ Air Force One အသစ်အဖြစ် အမှုထမ်းဖို့ အသင့်ဖြစ်နေတဲ့ လေယာဉ်ကြီးကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ ထရမ့်ဟာ နည်းပညာ လုပ်ငန်းရှင် ထရီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်နဲ့ ကတောက်ကဆတွေ ရှိခဲ့ဖူးပေမယ့်လည်း Air Force Oneရဲ့ အတွင်းပိုင်း နည်းပညာ ပေါင်းစပ်မှုတွေမှာတော့ မတ်စ်ခ်ပိုင်ဆိုင်တဲ့ Space X ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကိုပဲ အသုံးပြုစေခဲ့ပါတယ်။

Public Service Announcement
လေယာဉ်ထဲမှာ ဘယ်သူမှ အရင်က မမြင်ဖူးလောက်အောင် ဆန်းသစ် ထူးခြားတဲ့ ဆက်သွယ်ရေး ကိရိယာတွေ တပ်ဆင်ထားကြောင်း၊ Starlink အင်တာနက် ချိတ်ဆက်မှုနဲ့ တခြား အဆင့်အမြင့်ဆုံး နည်းပညာတွေ ပါရှိကြောင်း ထရမ့်က ပြောပါတယ်။ သူက မိတ်ဆွေကြီး မတ်စ်ခ်ဟာလည်း အရမ်းပျော်ရွှင်နေမယ်လို့ မျှော်လင့်ကြောင်း ဝါရှင်တန်အပြင်ဖက်မှာရှိတဲ့ အန်ဒရူးစ် လေတပ်စခန်းမှာ ရပ်နားထားတဲ့ Air Force One အသစ်ကို မိတ်ဆက် ပြသချိန်မှာ ပြောကြားသွားပါတယ်။
ဒေါ်လာ သန်း ၄၀၀ လောက်တန်တဲ့ လေယာဉ်ကြီးမှာ အမေရိကန်ဟာ နောက်ထပ် ဒေါ်လာ သန်းရာနဲ့ချီ ရင်းနှီးမြှုပ်နှံပြီး ဆက်သွယ်ရေး စနစ်တွေ၊ ကာကွယ်ရေး အစီအမံတွေကို ဖြည့်တင်းခဲ့ပါတယ်။ ဒီလေယာဉ်ဟာ ရှိရင်းစွဲ Air Force One အဟောင်းနှစ်စီးရဲ့ နေရာမှာ အစားထိုး တာဝန်ယူမှာ ဖြစ်ပါတယ်။
သက်တမ်း ၁၃ နှစ်ရှိတဲ့ Boeing 747-8 လေယာဉ်ကို ကာတာက လက်ဆောင်ပေးခဲ့တာကို အမေရိကန် အစိုးရက လက်ခံခဲ့တဲ့အပေါ် အတိုက်အခံ ဒီမိုကရက်စီ အင်အားစုတွေသာ မကဘဲ အာဏာရ ရီပတ်ဘလစ်ကန် အစုအဖွဲ့ထဲမှာပါ ကျင့်ဝတ်ပိုင်း ရှုထောင့်ကနေ မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။ ထရမ့်နဲ့ အမေရိကန် အစိုးရကတော့ တန်ဖိုးကြီး လက်ဆောင်ကို လက်ခံခဲ့တာက ဘာပြဿနာမှ မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။
Air Force One အသစ်ဟာ ပြင်ပ အဆင်အပြင်ပိုင်းမှာလည်း အဟောင်းတွေနဲ့ လုံးဝ ကွဲပြားတဲ့ ချဉ်းကပ်မှုမျိုး ရှိနေတာကို တွေ့ရပါတယ်။ Air Force One အဟောင်းတွေမှာ ကိုယ်ထည် အဖြူကို ဦးခေါင်းပိုင်း၊ အမြီးပိုင်းတွေမှာ အပြာရောင်ဆေးသားနဲ့ အနားကွပ်ပေးထားပါတယ်။ လေယာဉ် အသစ်မှာတော့ ဝမ်းဗိုက်ပိုင်းကို နက်ပြာရောင် ခြယ်သပြီး ကန့်လန့်ဖြတ် အနီလိုင်းတစ်ခုကို လေယာဉ် ဦးပိုင်းကနေ နောက်ဆုံးထိ ရေးဆွဲထားပါတယ်။ အနီလိုင်းနဲ့ နက်ပြာရောင် ဝမ်းပိုင်းကြားမှာ အနီရောင်နဲ့ ရွှေရောင် အစင်းအသေးလေးတွေကို ထည့်သွင်းထားပါတယ်။ ထရမ့်က အဲဒီ အရောင် အတွဲအဖက်ဟာ သူ့စိတ်ကြိုက် အကြံပြုထားတာလို့ ဆိုပါတယ်။
Air Force One အသစ်ဟာ အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် ဇူလိုင် ၄ ရက်နေ့ အောင်ပွဲခံ အခမ်းအနားတွေမှာ ပါဝင်ပျံသန်းဖို့ စီစဉ်ထားပါတယ်။ ဒီလေယာဉ်ဟာ ပျံသန်းနေတဲ့ အိမ်ဖြူတော်လို့တောင် ရည်ညွှန်းလို့ရပြီး ဘယ်သူမှ မမြင်ဖူးတဲ့ ခမ်းနားထည်ဝါမှုမျိုး ခံစားရစေမှာ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။
အမေရိကန် အစိုးရဟာ Air Force One အသစ်တွေအဖြစ် အသုံးပြုဖို့ Boeing 747-8 နှစ်စီးကို သီးခြား မှာယူထားပေမယ့် နှောင့်နှေးမှုတွေကြောင့် ထရမ့်ရဲ့ သမ္မတ သက်တမ်းအတွင်း အချိန်မီ လက်ခံရရှိမှာ မဟုတ်ဘူးလို့လည်း သိရ့ါတယ်။
ကိုးကား: Telegraph


















































