မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။
ဩဂုတ် ၂၇ ရက်နေ့က ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ Terminal 2မှာ အခုလို ထိတ်လန့်စရာ ကိစ္စကို ဖော်ထုတ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အလောင်းဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ကနေ ပျံသန်းလာတဲ့ လေယာဉ်ရဲ့ ဘီးတွေကို ခေါက်တင်ထားရာ ဘီးအိမ်ထဲမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ Terminalဟာ ဘတ်ဂျတ်လေကြောင်းလိုင်းတွေ အဓိက ဆိုက်ကပ်ရပ်နားတဲ့ နေရာပါ။
မနက်ပိုင်းအချိန် လေယာဉ် ဆင်းသက်ပြီးတဲ့နောက် ၂၅ မိနစ်လောက် အကြာမှာ လေဆိပ်ဝန်ထမ်း တစ်ဦးက အလောင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ မလေးရှား ရဲတပ်ဖွဲ့က သေသူ ဘယ်သူလဲဆိုတာ စုံစမ်းနေဆဲလို့ ပြောကြားပြီး အသက် ၁၇ နှစ်နဲ့ ၂၅ နှစ်ကြားအရွယ် အမျိုးသား တစ်ဦးလို့ ခန့်မှန်းထားပါတယ်။
အလောင်းဟာ သေဆုံးထားတာ ၇၂ နာရီ (၃ ရက်)ထက်မနည်း ရှိနေပြီး ပုပ်ပွစ ပြုနေပြီ ဖြစ်ပါတယ်။ အလောင်းကနေ ထွက်လာတဲ့ အနံ့အသက်ကြောင့်လည်း လေဆိပ်ဝန်ထမ်းက သတိပြုမိပြီး ရဲတွေဆီကို အကြောင်းကြားခဲ့တာပါ။ အလောင်းမှာ အဖြူရောင်ဟူဒီအင်္ကျီ၊ အပြာနုရောင် ဂျင်းဘောင်းဘီနဲ့ အနက်ရောင် အားကစားဖိနပ်ကို ဝတ်ဆင်ထားပါတယ်။ အလောင်းမှာ ပြင်ပဒဏ်ရာ အထင်အရှား မတွေ့ရဘဲ သေဆုံးတဲ့ အကြောင်းရင်းကို သိရှိဖို့ ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။

Public Service Announcement
ရဲတွေက အမှုကို ဆက်လက် စုံစမ်းနေဆဲလို့ ပြောကြားခဲ့ပြီး အလောင်းရှာတွေ့တဲ့ လေယာဉ်နဲ့ ပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းရဲ့ နာမည်တွေကိုတော့ မကြေညာသေးပါဘူး။
ကျွမ်းကျင်သူတွေကတော့ အမြင့်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေရဲ့ ဘီးအိမ်လို နေရာတွေမှာ အောက်စီဂျင် ပြတ်လပ်မှုနဲ့ အပူချိန် အလွန်အမင်း ကျဆင်းမှုတွေကြောင့် လူတစ်ယောက်အတွက် အသက်ရှင်နိုင်ခြေ နည်းလွန်းကြောင်း ရှင်းပြထားပါတယ်။
ကိုးကား: The Star


















































