တောင်ပံမှာ အက်ကြောင်းတွေ ပေါ်နေတာ စစ်ဆေးတွေ့ရှိခဲ့တဲ့နောက် A380 လေယာဉ် ၁၆ စီးကို ပြန်လည် စစ်ဆေးသွားမယ်လို့ ဥရောပ လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Airbusက ထုတ်ပြန်ခဲ့ပါတယ်။
Emiratesနဲ့ Qantas လေကြောင်းလိုင်းတွေမှာ အသုံးပြုနေတဲ့ လေယာဉ်တွေရဲ့ အရေးပါတဲ့ တောင်ပံ အစိတ်အပိုင်းတွေမှာ အခုလိုမျိုး အက်ကြောင်းတွေ ရှာတွေ့ခဲ့တာလို့လည်း Airbusက ဇွန်လ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ လေယာဉ် ၁၆ စီးထဲက ၅ စီးကိုတော့ ချက်ချင်း စစ်ဆေးမှုတွေ စတင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဥရောပ သမဂ္ဂရဲ့ လေကြောင်း လုံခြုံရေး အေဂျင်စီ (EASA)ကလည်း အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လေယာဉ်တွေရဲ့ တောင်ပံ အစိတ်အပိုင်းတွေ ကြံ့ခိုင်မှုကို အလေးထား စစ်ဆေးကြဖို့ ညွှန်ကြားထားပါတယ်။ လေကြောင်းလိုင်း နှစ်ခုရဲ့ လေယာဉ်တွေကို ပုံမှန် ပြုပြင်ထိန်းသိမ်းရေး စစ်ဆေးမှု အစီအစဉ်တွေ လုပ်ဆောင်ရင်း အခုလို အက်ကြောင်း အရာတွေကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
အက်ကြောင်းတွေ ရှိနေတဲ့ နေရာတွေဟာ ပျံသန်းချိန်မှာ လေကိုခွင်းရတဲ့ ဖိအားဒဏ် အသက်ရောက်ဆုံး အပိုင်းမျိုးတွေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ Emiratesရဲ့ လေယာဉ် ၁၅ စီးနဲ့ Qantasရဲ့ လေယာဉ် ၁ စီးတို့မှာ အခုလို ပြဿနာမျိုး ရှာတွေ့ခဲ့တာပါ။ အဲဒီထဲက Emirates လေကြောင်းလိုင်းပိုင် လေယာဉ် ၅ စီးကိုတော့ ချက်ချင်း အနုစိတ် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ Airbusက ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement
Airbusရဲ့ A380 လေယာဉ်တွေကို All Nippon၊ Asiana၊ Emirates၊ Qantas၊ Lufthansa၊ Korea Air၊ Etihad၊ British Airways၊ Singapore Airlineစတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေမှာ အသုံးပြုနေပါတယ်။ Emiratesကတော့ A380တွေကို အများဆုံး ဝယ်ယူထားတဲ့ လေကြောင်းလိုင်းဖြစ်ပြီး ၁၁၆ စီးလောက် မှာယူထားပါတယ်။
စင်ကာပူ လေကြောင်းလိုင်းကတော့ A380-800 အမျိုးအစား လေယာဉ်တွေကို ပထမဆုံး အသုံးပြုတဲ့ လေကြောင်းလိုင်း ဖြစ်ပါတယ်။ A380-800တွေဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အရပ်ဖက် လေယာဉ်တွေလို့ သတ်မှတ်ခံထားရပါတယ်။
လေယာဉ် တောင်ပံတွေမှာ အက်ကြောင်းတွေ ပေါ်နေတယ် ဆိုတာက တောင်ပံရဲ့ ကြံ့ခိုင်မှုအပေါ် ယုံကြည်စိတ်ချရတဲ့ အခြေအနေ လျော့ကျသွားစေတယ်လို့ EASAက သုံးသပ်ထားပါတယ်။ အခုတော့ ပြဿနာရှိနေတဲ့ လေယာဉ်တွေနဲ့ ထုတ်လုပ်မှုကာလ တူညီတဲ့ တခြားလေယာဉ်တွေကိုလည်း စုံစမ်း ဖော်ထုတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ်နိုင်ငံ၊ တူးလော့စ်မြို့မှာ အခြေစိုက်တဲ့ Airbusဟာ လေယာဉ်တွေရဲ့ တောင်ပံပေါ်က အက်ကြောင်းတွေအတွက် အကြီးစား ပြင်ဆင်မှုတွေ လိုအပ်မလား ဆိုတာကို EASAနဲ့ ညှိနှိုင်း ဆွေးနွေးသွားမယ်လို့လည်း ဆိုပါတယ်။ ၂၀၁၂ တုန်းကလည်း A380တွေရဲ့ ပင်မကိုယ်ထည်နဲ့ တောင်ပံ ဆက်ထားတဲ့ နေရာက အပေါ်ယံအလွှာမှာ အက်ကြောင်းတွေ ပေါ်လာလို့ EASAက ပြန်လည် စစ်ဆေးစေခဲ့ပါတယ်။
အဲဒီပြဿနာဟာ တစ်ကမ္ဘာလုံးက A380 လေယာဉ်တွေအပေါ် သက်ရောက်မှု ရှိခဲ့ပြီး Airbusဟာ ငွေကြေး အများအပြား အကုန်အကျခံ ပြင်ဆင်ခဲ့ရပါတယ်။ နောက်ပိုင်း ထုတ်လုပ်တဲ့ လေယာဉ် အသစ်တွေမှာတော့ ဒီဇိုင်းပိုင်း အပြောင်းအလဲလုပ်ပြီး အဲဒီ ပြဿနာကို ကုမ္ပဏီဖက်က ဖြေရှင်းပေးခဲ့ပါတယ်။
ကိုးကား: AFP


















































