ဇွန် -၁၀၊၂၀၂၆။ဒီးဒီ/People’s Spring
ဒေသခံပြည်သူ ၂၀ကျော်ရက်ရက်စက်စက်သတ်ဖြတ်ပြီး နေအိမ် ၁၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ဦးဆောင်ကွပ်ကဲမှုနဲ့ ဒီကနေ့ ဇွန်လ ၁၀ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာမေလ ၁၀ ရက်ကနေ ဇွန်လ ၂ရက်အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦးပေါင်း (၁၀၀၀) ကျော် မီးရှို့ဖျက်ဆီးကာ အတည်ပြုနိုင်တဲ့ ပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာဇွန်လ ၁၀ ရက်မှာ မြစ်ခြေစခန်း အပြီးတိုင် ထိုးစစ်ဆင်သိမ်းပိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအား လက်တုံ့ပြန်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement
ဇွန်လ၁၀ ရက်နံနက်(၄)နာရီမှာမြစ်ခြေရဲစခန်းကိုမကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက် (၅) နာရီမှာ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်းရန်သူ့တပ်ထံက G-3 (၁၈)လက်၊ 79 (၁) လက်၊ ခြောက်လုံးပြူး (၂) လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ G-3 ကျည်ဘောက် (၂၇) ဘောက်၊ လက်လုပ် လေသေနတ် (၁) လက်၊ ကျည်ကာ ဦးထုပ် (၇)လုံး၊ G-3 ကျည် (၁၉၀၈) တောင့် သိမ်းဆည်းရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၁၄ ဦး စစ်သုံ့ပန်းအဖြစ် လက်နက်ချအညံ့ခံခဲ့တယ်လို့လည်းဖော်ပြပါတယ်။
စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေများနဲ့ အညီ ထိန်းသိမ်းထားရှိပြီးစစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဘက်ဆိုင်ရာဥပဒေများနဲ့ အညီစိစစ်ဖော်ထုတ်ပြီးစစ်တရားရုံးတင်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာလို့ ဖော်ပြပါတယ်။
ဒါ့အပြင်စစ်တပ်ရဲ့အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ကျဆုံးသွားခဲ့ရတဲ့ မြစ်ခြေဒေသခံ မိဘပြည်သူများ ကောင်းမြတ်ရာ ဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့ထားပါတယ်။
ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံတပ်ရင်းတွေနဲ့ ညောင်ဦးအခြေစိုက်ခလရ (၄၁၅)က စစ်သား တွေ၊စစ်တပ်လက်အောက်ခံပျူစောထီးတွေ၊ရဲတွေ ပူးပေါင်းပြီးတော့အင်အားရာချီပါတဲ့စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေမြို့ကို မေလဒုတိယပါတ်မှာဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်တပ်ကမြစ်ခြေမြို့ကပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာမှာ ဇွန် ၉ ရက်အထိရုပ်အလောင်း ၃၇ လောင်းရှာဖွေတွေ့ရှိပြီး ပျောက်ဆုံးနေသူ ၅ ဦးရှိသေးတယ်လို့ရှာဖွေကယ်ဆယ်ရေး၊နယ်မြေရှင်းလင်းရေးလုပ်နေသူတွေကပြောပါတယ်။ စစ်တပ်စစ်ကြောင်းတွေကမြစ်ခြေမြို့ကို ဖျက်ဆီးပြီး ဇွန်လဆန်းမှာပြန်ဆုတ်သွားတာဖြစ်ပါတယ်။






















































