ဇွန် – ၁၂ ၊၂၀၂၆
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။
အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ် ပျောက်ဆုံးနေကြောင်း ဆွေမျိုးတစ်ဦးရဲ့ တိုင်ကြားမှုကြောင့် ရဲတွေက သေဆုံးသူနဲ့ ခင်ပွန်းဖြစ်သူ အတူနေထိုင်တဲ့ ရတ်ချာသီဝီ ခရိုင်ထဲက တိုက်ခန်းကို သွားရောက် စစ်ဆေးရင်း အလောင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၁၂ ရက်နေ့မှာ ဒင်ဒန်း ရဲစခန်းရဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သုံးထပ်တိုက် တစ်လုံးမှာရှိတဲ့ တိုက်ခန်းကို ဝင်ရောက် စစ်ဆေးခဲ့တဲ့အခါ ဝရန်တာမှာ ထုတ်ထားတဲ့ အမည်းရောင် ပလတ်စတစ် ပုံးကနေ အနံ့ဆိုးတွေ ထွက်နေတာကို သတိပြုမိခဲ့ပါတယ်။ ဖွင့်ကြည့်တဲ့ အခါမှာတော့ အပိုင်းပိုင်း ဖြတ်ခံထားရတဲ့ အလောင်းကို ပလတ်စတစ်တွေနဲ့ ပတ်လျက်သား ရှာတွေ့ခဲ့တာပါ။

Public Service Announcement
ဇွန်လ ၁၂ ရက် မနက်ပိုင်းထိ အခြေအနေ အရတော့ ဦးခေါင်းအပါအဝင် ပျောက်ဆုံးနေတဲ့အလောင်းအစိတ်အပိုင်းတချို့ကိုလည်း ရဲတွေကလိုက်ရှာနေပါတယ်။
လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို စစ်ဆေးကြည့်တဲ့အခါ လူသတ်မှု ဖြစ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အချိန်လောက်မှာ မအေးအေးနွယ်ရဲ့ ခင်ပွန်းဖြစ်တဲ့ အောင်ပြည့်ဟာ လက်ဆွဲသေတ္တာ တစ်လုံးကို ယူဆောင်ပြီး ထွက်ခွာသွားကြောင်း လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။ အောင်ပြည့် ထွက်ခွာသွားတာ ဘယ်နေ့လဲ ဆိုတာကိုတော့ ရဲတွေက အတိအကျ မပြောသေးပါဘူး။
မှုခင်းနေရာဖြစ်တဲ့အခန်းထဲမှာတော့ရုန်းကန်တွန်းထိုးထားတဲ့ အထောက် အထားတွေ၊ ပစ္စည်းတွေ ပြန့်ကြဲနေတာကို တွေ့ရပြီး လူသတ်မှုက အဲဒီနေရာမှာပဲ ဖြစ်ခဲ့တယ်လို့ ယူဆထားပါတယ်။
မအေးအေးနွယ်ဘယ်လို သေဆုံးခဲ့သလဲ ဆိုတာကို တိတိကျကျ မထုတ်ပြန်သေးပေမယ့် ဓားနဲ့ အထိုးခံရတာ၊ လည်ပင်းညှစ်ခံရတာ၊ ရိုက်နှက်ခံရတာမျိုး အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။
သူသေဆုံးပြီးမှသာသံသယတရားခံကအလောင်းကိုအပိုင်းပိုင်းခုတ်ဖြတ်ခဲ့တာလို့ ယုံကြည်ရပါတယ်။
ရဲတွေကလူသတ်မှုအတွက်စုံစမ်းနေဆဲလို့ပဲ ကြေညာထားပြီး အသေးစိတ် အချက်အလက်တွေကိုမထုတ်ပြန်သေးပါဘူး။
လူသတ်မှုဖြစ်ရတဲ့အ ကြောင်းရင်းကိုလည်း မသိရသေးပေမယ့် သဝန်တိုမှုနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။
သူတို့လင်မယားဟာ အရင်ကလည်း ခိုက်ရန်မကြာခဏ ဖြစ်လေ့ရှိကြောင်း အကြောင်းသိတွေက ပြောပါတယ်။
သေဆုံးသူ မအေးအေးနွယ်ဟာ ခလွန်ထွိုင် ဧရိယာမှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေသူ တစ်ဦးလို့ စုံထောက်တွေက ပြောပါတယ်။ သေမှုသေခင်း စစ်ဆေးမှုနဲ့ DNA တိုက်ဆိုင် စစ်ဆေးမှုတွေကိုတော့ ရဲတွေက စောင့်ဆိုင်းနေဆဲပါ။
အဓိကသံသယ ရှိခံရသူ အောင်ပြည့်ကတော့ ဖက်ချာဘူရီမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမှုကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကိုးကား – Thairath





















































