အောက်တိုဘာ-၁၃၊ ၂၀၂၆။ People’s Spring
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ မြန်မာကလေးတွေ အပါအဝင် လူကုန်ကူး ခံရတယ်လို့ ယူဆရတဲ့ ကလေး ၉ ဦးနဲ့ မိန်းကလေးငယ် ၁ ဦးကို တာဝန်ရှိသူတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဘန်ကောက်ရဲ့ ရမ်ခမ်ဟန်းဧရိယာမှာ အောက်တိုဘာ ၁၃ ရက် မနက်အစောပိုင်းက ငှားရမ်းထားတဲ့ အိမ်တစ်လုံးကို ရဲတွေနဲ့ တာဝန်ရှိသူတွေက စီးနင်းရှာဖွေခဲ့ပြီး လူ ၄ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ရဲတွေရဲ့ အဆိုအရ အဖမ်းခံရသူတွေဟာ မိန်းကလေးနဲ့ ကလေးတွေကို နေ့တိုင်း မနက် ၃ နာရီ ဝန်းကျင်လောက်အထိ ခေါင်ဆန်လမ်းမနဲ့ တခြားနေရာတချို့မှာ အအေးပုလင်းတွေ၊ ပန်းတွေ အတင်းအကျပ် ရောင်းခိုင်းလေ့ ရှိတယ်လို့ သိရပါတယ်။
ကလေးတွေထဲက ၇ ဦးဟာ မြန်မာတွေဖြစ်ပြီး တောလမ်းကနေ မဲဆောက်ဖက်ကို တရားမဝင် လူကုန်ကူး ဝင်ရောက်စေပြီး ဘန်ကောက်ကို ပို့ဆောင်ထားတာလို့ ဆိုပါတယ်။ ဘန်ကောက်မှာတော့ သူတို့ကို တရားမဝင် နေထိုင်ပြီး အခုလို အလုပ်မျိုး ခိုင်းစေထားတာပါ။

Public Service Announcement
အိမ်နီးချင်းတွေက အဲဒီအိမ်မှာ မသင်္ကာစရာ အခြေအနေတွေကို သတိပြုမိရာက ရဲတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အိမ်ထဲမှာ ညတိုင်း မနက် ၃ နာရီလောက်ထိ မီးလင်းနေတာ၊ ကလေးတွေက အစားအသောက်တွေကို တန်းစီပြီး စောင့်ယူနေတာတွေကို အိမ်နီးချင်းတွေက တွေ့မြင်ခဲ့ကြပါတယ်။
ငှားထားတဲ့ အိမ်ပိုင်ရှင် အမျိုးသမီးကတော့ တချို့ကလေးတွေက မဲဆောက်က လာတယ်ဆိုတာကို သိထားကြောင်း၊ ဒါပေမဲ့ ကလေးတွေက မနက်ပိုင်း ကျောင်းတက်ပြီး ညပိုင်းမှာ အလုပ်လုပ်တယ်လို့ပဲ သဘောပေါက်ထားခဲ့ကြောင်း ပြောပါတယ်။
ရဲတွေကတော့ ဖမ်းဆီးထားသူ ၄ ဦးကို လူမှောင်ခိုမှု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု၊ အတင်းအကျပ် ခိုင်းစေမှုတွေနဲ့ စွဲချက်တင်ထားပါတယ်။ ကယ်ဆယ်ထားတဲ့ မြန်မာ ကလေးငယ်တွေကို နွန်သာဘူရီက လူငယ်စောင့်ရှောက်ရေး ဂေဟာတစ်ခုဆီ ယာယီပို့ဆောင်ထားပြီး မိဘတွေက ဘယ်သူတွေလဲ ဆိုတာကို ရဲတွေက စုံစမ်းနေကြောင်း သိရပါတယ်။
ကိုးကား: Thai PBS



















































