ဇွန်-၁၉၊၂၀၂၆။သုည/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။
NUGထိန်းချုပ်နယ်မြေ တနေရာမှာ လူထုခေါင်းဆောင်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယင်းအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement
အခမ်းအနားမှာ မွေးနေ့အမှတ်တရ စကားပြောကြားခြင်း၊ မွေးနေ့အမှတ်တရ ကိတ်မုန့်ခွဲခြင်း၊ Rose Movement Campaign ပြုလုပ်ခြင်းနဲ့အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခြင်း တို့ကို လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် (BLPA) က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၈၁) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့ကိတ်ခွဲခြင်းနဲ့ နှင်းဆီနီသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် နှင်းဆီကမ်ပိန်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ မွေးနေ့ရှင်အတွက် မွေးနေ့ ဆုတောင်းခြင်း၊ မွေးနေ့ရှင်နဲ့တကွ အဖမ်းအဆီးခံ နိုင်ငံရေးအကျဥ်းသား အားလုံး လွတ်မြောက်စေဖို့ ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
Justice Soldier တပ်ဖွဲ့မှ ရဲဘော်၊ ရဲမေတွေကလည်း နှင်းဆီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေး တောင်းဆိုခဲ့ကြပါတယ်။
တန့်ဆည်မြို့နယ်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပညာရေး၊ ကျန်းမာရေး ဌာနတွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို ပြုလုပ်ခဲ့ပါတယ်။
တန့်ဆည်မြို့နယ်ရှိ နယ်မြေ နေရာ ၅ နေရာမှာ မိုးပျံလေပူပေါင်း လွှတ်တင်ခြင်း၊ နှင်ဆီနီ ဝေငှခြင်း၊ စတေကာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ အမှတ်တရ သစ်ပင်များစိုက်ပျိုးခြင်းနဲ့ ဟောပြောပွဲ ပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။
ဒါအပြင် Special Operation Group မှ PDF ရဲဘော်တွေကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ပြီး မွေးနေ့ရှင်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်!၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!၊ ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်! စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။
ဒါအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)မှ ရဲဘော် ရဲမေတွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ရွှေဘိုခရိုင်အမှတ် (၁၇)တပ်ရင်းနဲ့ ခင်ဦးမြို့နယ်မပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရဲဘော်တွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းသပိတ်ပြုလုပ်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ မွေးနေ့ဆုတောင်းခြင်း၊ ပူဖောင်းများ လွှတ်တင်ခြင်းနဲ့ ကျွန်းပင် (၁,၂၀၀) စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
“အမေစု” ကျန်းမာပါစေ၊ “အမေစု” အသက်ရာကျော် ရှည်ပါစေ၊ “အမေစု” မတရားဖမ်းဆီး အချုပ်အနှောင်ဘေးမှ အမြန်ဆုံး လွတ်မြောက်ပါစေ လို့ ဆုတောင်းခဲ့ကြပြီး “အမေစုနှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး” (ချက်ချင်းလွှတ်၊ ချက်ချင်း လွှတ်)၊ “အရေးတော်ပုံ” အောင်ရမည် အောင်ကိုအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေလည်း ဟစ်ကြွေးခဲ့ပါတယ်။
မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် နှင်းဆီနီလှုပ်ရှားမှု proof of life အစီအစဉ်တွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။


















ဓာတ်ပုံ – အရာတော်မြို့နယ်၊ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ Ministry of Foreign Affairs NUG


















































