အခု သီတင်းပတ်ထဲမှာ ကိယက်ဗ်မြို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာဟာ အခုနှစ်အတွင်း ယူကရိန်းရဲ့ မြို့တော်မှာ အသေအပျောက် အများဆုံး ဖြစ်ပေါ်စေတဲ့ ရုရှားတိုက်ခိုက်မှု အနေနဲ့ မှတ်တမ်းဝင်လာစေခဲ့ပါတယ်။
ဇူလိုင် ၁ ရက် ညပိုင်းနဲ့ ၂ ရက်နေ့ မနက်အစောပိုင်းတွေတုန်းက ကိယက်ဗ်မြို့ကို ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူပေါင်း ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒါဟာ မူလ သေဆုံးစာရင်း ၈ ဦးကနေ တိုးလာတဲ့ ကိန်းဂဏန်း ဖြစ်သလို နောက်ထပ်လည်း မြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။ တိုက်ခိုက်မှုတွေအတွင်း ကိယက်ဗ်မှာ အဆောက်အအုံပေါင်း ၁၃၀ လောက်လည်း ပျက်စီးခဲ့ပြီး ဒဏ်ရာရသူလည်း ၉၀ ကျော်ထိ ရှိခဲ့ပါတယ်။
ရုရှားဟာ အကြီးစားတိုက်ခိုက်မှု တစ်ခုအတွက် ပြင်ဆင်နေကြောင်း ထောက်လှမ်းရေး သတင်းရထားတဲ့အတွက် ပြည်သူတွေ နိုးနိုးကြားကြား သတိရှိနေကြဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေးခဲ့ပြီး နာရီပိုင်း အကြာမှာပဲ အဲဒီ တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့တာပါ။
တိုက်ခိုက်မှု ဖြစ်ပွားတဲ့ တစ်ညလုံးလိုလို ကိယက်ဗ်မှာ ပေါက်ကွဲသံတွေ ဆူညံနေခဲ့ပြီး နေရာအနှံ့ မီးခိုးလုံးကြီးတွေ ထိုးတက်လာနေတာကိုလည်း အဝေးကနေ တွေ့မြင်ခဲ့ရပါတယ်။

Public Service Announcement
ကိယက်ဗ်ရဲ့ စစ်ရေအုပ်ချုပ်မှုဌာန အကြီးအကဲ တိုင်မူး ကာချန်ကိုက ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေကို အပူတပြင်း ဆက်လက် ရှာဖွေနေကြောင်း ဇူလိုင် ၂ ရက်နေ့ ညပိုင်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဇီလန်စကီးက အခုလောက် ဆိုးဆိုးရွားရွား သေကြေမှုတွေ၊ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံလာရတဲ့ အခြေအနေမှာ NATO စစ်မဟာမိတ် အဖွဲ့က ကတိပေးထားတဲ့အတိုင်း လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ အချိန်မီ မပို့ဆောင်ခဲ့ခြင်းကလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း ပြောကြားသွားပါတယ်။
ယူကရိန်းရဲ့ မိတ်ဖက်တွေသာ ပေးထားတဲ့ ကတိအတိုင်း လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေကို အချိန်မီ ပေးပို့နိုင်ခဲ့မယ်ဆိုရင် အခုလို တိုက်ခိုက်မှုကြီးမှာ လူ့အသက်အိုးအိမ်တွေကို ပိုပြီး အကာအကွယ် ပေးနိုင်ခဲ့လိမ့်မယ်လို့ သူက ဆိုပါတယ်။ ယူကရိန်းဟာ မူလ ရယူထားတဲ့ ကတိကို တည်ဖို့ပဲ တောင်းဆိုနေပြီး အဲဒီထက် ပိုမို တောင်းဆိုနေတာ မဟုတ်ဘူးလို့လည်း နွမ်းနယ်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေဟန်တူတဲ့ သမ္မတက ဗီဒီယိုတစ်ခုထဲမှာ ပြောဆိုထားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ပြည်သူတွေဆီ လိပ်မူတဲ့ ဗီဒီယို မိန့်ခွန်းတစ်ခုကို ဇူလိုင် ၂ ရက် ညပိုင်းမှာ ဇီလန်စကီးက ထုတ်လွှင့်ခဲ့ပြီး တူရကီမှာ ကျင်းပမယ့် NATO ညီလာခံမှာတော့ ယူကရိန်း လိုအပ်တဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ရလဒ်တစ်ခုခု ထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်း ထည့်သွင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
အခုနောက်ဆုံး တိုက်ခိုက်မှုမှာ ရုရှားဟာ ကိယက်ဗ်မြို့တော်ဆီ ဒုံးကျည် ၇၄ စင်းနဲ့ ဒရုန်း ၄၉၆ စီးထိ ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ယူရီအီဟ်နတ်က ပြောပါတယ်။ ရုရှားက အစုလိုက် ပစ်ခတ်တဲ့ ဒုံးကျည် အရေအတွက်ဟာ မကြုံစဖူး များပြားခဲ့ပြီး တစ်ဖက်မှာတော့ Patriot ခွင်းဒုံးတွေ ပြတ်လပ်မှုကြောင့် ယူကရိန်းက တုံ့ပြန် ပစ်ချနိုင်စွမ်းကတော့ လျော့ကျသွားခဲ့ကြောင်းလည်း သူက ဝန်ခံခဲ့ပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ကိယက်ဗ်ကို တာဝေးပျံသန်းနိုင်ပြီး ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့ မြေပြင်နဲ့ ရေပြင်အခြေစိုက် လက်နက်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ယူကရိန်း စစ်ဘက်နဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ၊ လေဆိပ်တွေ၊ တခြားနေရာတွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါဟာ ရုရှားပိုင်နက်ထဲကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်တွေပေါ် လက်တုံ့ပြန်ခြင်း ဖြစ်တယ်လို့လည်း ရုရှားက ထုတ်ပြန်သွားပါတယ်။
ကိုးကား: Reuters


















































