ဆော်ဒီအာရေးဘီးယား နိုင်ငံပိုင်နက်ထဲမှာ ဟိုသီပြောက်ကျားတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာခြင်းနဲ့အတူ နိုင်ငံတကာ ရေနံစျေးကလည်း မြင့်တက်လာပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့မှာ ယီမင်အခြေစိုက် အီရန်မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဟိုသီတွေဟာ ဆော်ဒီက နေရာတချို့ကို ဖြန့်ကျက် တိုက်ခိုက်ခဲ့ပါတယ်။ ဒမ်မန်းမြို့က အရပ်ဖက် လေဆိပ်တစ်ခုလည်း တိုက်ခိုက်မှု ခံရပြီး ၁ ဦးသေ ၈ ဦး ဒဏ်ရာရခဲ့သလို ဆော်ဒီ ရေနံတွင်း တစ်ခုမှာလည်း ဒရုန်းထိမှန်လို့ လူ ၂ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ဟိုသီတွေဟာ ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း ပင်လယ်နီ ရေလမ်းကြောင်းကို အသုံးပြုနေတဲ့ ဆော်ဒီ ရေနံတင် သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေကို ၁၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါသေးတယ်။
အီရန်စစ်ပွဲက ငြိမ်သက်နေပေမယ့် ဆော်ဒီနဲ့ ယီမင်မှာ အခြေအနေတွေက တရိပ်ရိပ် ဆိုးလာနေတာကြောင့် အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ရေနံစိမ်းစျေးဟာ တစ်စည်ကို ၁.၂၉ ဒေါ်လာ၊ တစ်နည်းအားဖြင့် ၁.၂ ရာခိုင်နှုန်း ထပ်တက်လာခဲ့ပြီး တစ်စည်စျေး ၁၁၀.၁၁ ဒေါ်လာထိ ရောက်ရှိလာပါတယ်။

Public Service Announcement
ဆော်ဒီဟာ ယီမင်ပြည်တွင်းစစ်မှာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရဖက်ကနေ ပါဝင်ရပ်တည်ပြီး ဟိုသီတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ ဟိုသီတွေကလည်း ဆော်ဒီပိုင်နက်ထဲက လေယာဉ်ကွင်းတွေ၊ ရေနံချက်စက်ရုံတွေ၊ ဆိပ်ကမ်းတွေ၊ တခြားအခြေခံ အဆောက်အအုံတွေကို ဒရုန်း၊ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဒေသတွင်းက အမေရိကန် သံအရာရှိတွေနဲ့ မိသားစုဝင်တွေကို ရွှေ့ပြောင်းပေးဖို့ စတင် စီစဉ်နေကြောင်း အစိုးရ အရာရှိ တချို့က Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
အဲဒီနေ့က အီရန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဆီရစ်ခ်မြို့မှာလည်း ပေါက်ကွဲသံတွေ ကြားနေခဲ့ရတယ်လို့ အီရန် မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ဘယ်နေရာက ပေါက်ကွဲမှုတွေလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက အီရန်ဟာ နိုင်ငံပိုင်နက်ကို ကာကွယ်ဖို့ အပြည့်အဝ အသင့်ပြင်ထားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ဆော်ဒီဟာ ယီမင်ပြည်တွင်းစစ် စတင်ပြီး တစ်နှစ်လောက်အကြာ ၂၀၁၅ ခုနှစ်မှာ စတင်ပြီး ယီမင်အစိုးရကို ပံ့ပိုးပေးနေခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ် တပ်ပေါင်းစုဟာ ဟိုသီတွေရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ အဓိက ပြုလုပ်ပြီး ယီမင်အစိုးရရဲ့ ခြေလျင်တပ်တွေကို ကူညီပေးနေပါတယ်။ အခုလထဲမှာတော့ ယီမင်အစိုးရဟာ ဟိုသီတွေ သိမ်းယူထားသမျှ နယ်မြေအားလုံးကို အရပြန်ယူမယ်လို့ ကြွေးကြော်ပြီး အကြီးစား ထိုးစစ်တစ်ခု ဆင်နွှဲနေပြီး နှစ်ဖက် စစ်ရေးပဋိပက္ခကလည်း ပိုမို အရှိန်မြင့်တက်လာခဲ့ပါတယ်။
ကိုးကား: Reuters




















































