Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်က တိုက်ပွဲတွေကြောင့် ထိုင်းကနယ်စပ်ဂိတ်တွေကိုပိတ်ထား

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

(ထိုင်းစစ်တပ်က အရာရှိတဦး တိုက်ပွဲဖြစ်ပွားတဲ့ မြန်မာနယ်စပ်ဘက်ခြမ်းသို့ကြည့်ရှု​နေစဥ်။ ။ဓါတ်ပုံ-Thai Enquirer )

ဇူလိုင်-၃၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

မြန်မာဖက်ခြမ်းက တိုက်ပွဲတွေမှာ ပစ်ခတ်မှုတွေကြောင့် တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ထဲက မဟာဝမ်ရဲ့ နယ်စပ် ကျေးလက်ဧရိယာတွေမှာ ကျည်ဆန်တွေ လမ်းချော် ကျရောက်ခဲ့တယ်လို့လည်း ထိုင်းသတင်းဌာနအချို့က​ဖော်ပြပါတယ်။

မြန်မာဖက်ခြမ်းမှာတော့ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲက မင်းလက်ပံဒေသ တဝိုက်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)ကြား တိုက်ပွဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တကျော့ပြန် ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ အမှတ် (၂၂ )ခြေမြန်တပ်မက မင်းလက်ပံ တဝိုက်ကို သိမ်းယူဖို့ စစ်ကြောင်းထိုးလာရာက ကရင် တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ထိုင်းရဲ့ နယ်ခြားစောင့်တပ် ယူနစ်တစ်ခုဖြစ်တဲ့ ရတ်ချာမာနူ အထူးတပ်ဖွဲ့ဟာ မြန်မာဖက်ခြမ်းကစစ်ဖြစ်နေတဲ့နယ်မြေတွေဆီစားနပ်ရိက္ခာနဲ့ တခြားထောက်ပံ့ရေး ပစ္စည်းတွေမရောက်ရှိစေဖို့နဲ့ နယ်စပ် ကျေးရွာတွေရဲ့ လုံခြုံရေးအတွက် တပ်အင်အား တိုးမြှင့်ဖြန့်ကျက်ထားကြောင်း ပြောပါတယ်။

နယ်စပ်က တိုက်ပွဲတွေ ထိုင်းဖက်ကို ကူးစက်လာတာနဲ့ ပတ်သက်လို့ မြန်မာဖက်က အာဏာပိုင်တွေဆီ အရေးဆို ကန့်ကွက်ထားတယ်လို့လည်း ထိုင်းအရာရှိတွေက ဆိုပါတယ်။ မြန်မာဖက်က အခြေအနေတွေ ငြိမ်သက်သွားတဲ့ထိ မဟာဝမ်က နယ်စပ်ဂိတ်တွေကို ဆက်ပြီး ပိတ်ထားဖွယ် ရှိကြောင်းလည်း သိရပါတယ်။

စစ်တပ်ဟာမြဝတီမြို့တောင်ဘက်က တောင်ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိုင်းနိုင်ငံအတွင်း မကြာခဏ လက်နက်ကြီးကျည် ကျရောက်နေတယ်လို့လည်း လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။

ဇွန်၂၉ရက်မှာစစ်တပ်ကမြဝတီမြို့စောင့်တပ် (၂၇၅)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အနည်းဆုံး ၇ လုံး ပစ်ကူပေးခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

စစ်တပ်ကတခွကြိုးတောင်ကုန်းကနေ ပွိုင့်ဖိုက်နဲ့ ပစ်ခတ်တာ ထိုင်းဘက်ခြမ်းကိုကျရောက်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် စွယ်တော်ကုန်း၊ အင်ကြင်းမြိုင်နဲ့ လက်ခတ်တောင်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်ကစပြီး ယခင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကို ခေါ်ပြီး မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

စစ်တပ်၊ DKBA နဲ့ BGF ပူးပေါင်း ၃ဖွဲ့ ထိုးစစ်ကိုဟန့်တားဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကလည်း အင်အားဖြည့်တင်းလာတာကြောင့် စစ်တပ်ရဲ့ ပူးပေါင်း ၃ဖွဲ့ဟာ ရှေ့မတိုးတော့ပဲ လက်နက်ကြီးတွေနဲ့သာ ပစ်ခတ်ပြီး တိုက်ပွဲဖော်ဆောင်နေတယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ဟိုကို (KNLA) ကြောက်လန့်ပြီး လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ တိုက်ပွဲဖြစ်နေပါတယ်ပေါ့။ အထက်ကို တင်ပြ။ ဘယ်လောက်ထိသွားပြီ၊ဘယ်လောက်သေကုန်ပြီးဆိုတာလိမ်ပြီး အထက်ကို တင်ပြနေတာ။ မြေပြင်မှာက သူတို့ကြောက်လို့ ရှေ့မတိုးဘူး”လို့ စစ်​ရေးသတင်းရင်းမြစ်ကဇူလိုင် ၁ ရက်ကပြောပါတယ်။

စစ်တပ်က မင်းလက်ပံနဲ့ ဖလူးရွာကို သိမ်းပိုက်ဖို့ DKBAဗိုလ်ဘိအဖွဲ့ကအင်အား၁၀၀ခန့် နဲ့BGFကဗိုလ်မုတ်သုန်အဖွဲ့ကအင်အား၂၀၀ခန့်ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁,၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က DKBA ဗိုလ်ဘိအဖွဲ့ကို မင်းလက်ပံနေရာကို​ပေးမယ်လို့မက်လုံးပေးပြီးတိုက်ခိုက်နေတာလို့လည်း လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာကြားက သူတို့ရဲ့ စခန်းဟောင်းထဲကို ပြန်သိမ်းယူနိုင်ဖို့နဲ့ ဖလူးလေးတောင်ကုန်း (ဒေသခံတွေအခေါ် တာကော်ကျိုး)ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာက တည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ဒီကနေ့အထိ အဲဒီကျေးရွာတွေကို သိမ်းပိုက်နိုင်တာမရှိပါဘူး။

လက်တလောမှာ မြန်မာ-ထိုင်းနယ်စပ်က စစ်တပ်ရဲ့ ​အ​​​ရေးပါတဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်​နေတာမှာ စစ်တပ်အထိနာနေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ကိုးကား-Thai Enquirer

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ တမူးနဲ့ ခမ်းပါတ်မြို့ကြားမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သားအချို့သေဆုံးမှုရှိသလို အရပ်သားအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။