နိုဝင်ဘာ-၁၀၊၂၀၂၆။People’s Spring
အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတာ သေချာမှသာ မြန်မာစစ်ရှောင်တွေကို ပြည်တွင်းမှာ လက်ခံ နေရာချထားပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့မှာ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ထိုင်းအနေနဲ့ နယ်စပ်နားက စစ်ရေး ပဋိပက္ခတွေကြောင့် တိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည်တွေကိုလူသားချင်း စာနာမှု အကူအညီတွေ ဆက်လက် ထောက်ပံ့ပေးနေမယ်လို့အာမခံခဲ့ပါတယ်။ဒါပေမဲ့အဲဒီ ဒုက္ခသည်တွေရဲ့ အသက်အန္တရာယ် အမှန်တကယ် ခြိမ်းခြောက်ခံနေရတာ သေချာမှသာ သူတို့ကို ထိုင်းပိုင်နက်ထဲဝင်ရောက်နေထိုင်ခွင့် ပေးမယ်လို့ အနူတင်က ဆိုပါတယ်။
အမျိုးသားလုံခြုံရေးကောင်စီ(NSC) အစည်းအဝေးအပြီး အစိုးရ အိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ အနူတင်က သူဟာ နယ်စပ်နားက စစ်ပွဲတွေကြောင့် ထိုင်းပိုင်နက်နားထိရောက်ရှိလာမယ့် ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ကြိုတင် ပြင်ဆင်ထားဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
အထူးသဖြင့် မြန်မာနဲ့ ထိစပ်ရာတက်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ မဲဆောက်မြို့နယ် အရာရှိတွေဆီ အဲဒီ ညွှန်ကြားချက်တွေ ပေးပို့ထားကြောင်း၊ ဒါပေမဲ့ အခြေအနေတွေ ပြန်ပြီး ငြိမ်သက်ပြီ ဆိုတာနဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ် ပြန်စေမှာဖြစ်ကြောင်း အနူတင်က ဆိုပါတယ်။
မကြာသေးခင်ကမြန်မာဖက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေး တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းပိုင်နက်ထဲ ဝင်ရောက်လာသူ မရှိခဲ့ဘူးလို့ ထိုင်းကြည်းတပ်ဆီက အတည်ပြုချက် ရထားကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။
NSCဟာ နယ်စပ် လုံခြုံရေး အခြေအနေတွေကို ပြန်လည် သုံးသပ်ခဲ့ပြီး မြန်မာ ဒုက္ခသည်တွေရဲ့ အသက်အန္တရာယ် အရေးတကြီး စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်သေးရင် ထိုင်းပိုင်နက်ထဲ ယာယီ ဝင်ရောက် ခိုလှုံခွင့် မပြုဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း အနူတင်က ပြောကြားသွားပါတယ်။
ဒါပေမဲ့ထိုင်းဟာမြန်မာစစ်ရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကိုတော့ သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် ထောက်ပံ့ပေးမယ်လို့ ဝန်ကြီးချုပ်က ကတိပြုသွားပါတယ်။
အခြားသတင်းတစ်ရပ်မှာတော့ထိုင်း-မြန်မာနယ်စပ်အနီးမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် မယ်ဟောင်ဆောင်ပြည်နယ်၊ ဆော့မိုယ်ခရိုင်အတွင်း ထိုင်းဒေသခံတွေနဲ့ မြန်မာနိုင်ငံသားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နိုင်ဖို့ ယာယီခိုလှုံရေးစခန်း ၄ ခု ပြင်ဆင်ထားတယ်လို့ Thai PBS သတင်းဌာနကဖော်ပြပါတယ်။
မယ်ဆမ်လပ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကပြောကြားရာမှာ ခိုလှုံရေးစခန်းတစ်ခုကို နယ်စပ်နဲ့ ၇ ကီလိုမီတာလောက်အကွာ၊ ထိုင်းနဲ့မြန်မာ နယ်စပ်မျဉ်းအဖြစ် သတ်မှတ်ထားတဲ့ သံလွင်မြစ်တစ်လျှောက်က ကျောင်းတစ်ကျောင်းမှာ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ထိုင်းနယ်စပ်အနီးမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုနေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ နယ်စပ်တစ်ဝိုက် ၁၀ ကီလိုမီတာအကွာအဝေးအတွင်း ဘေးကင်းလုံခြုံရေးဇုန်တစ်ခု သတ်မှတ်ပေးဖို့ မြန်မာတပ်နဲ့ ညှိနှိုင်းပေးဖို့ထိုင်းဝန်ကြီးချုပ်ကိုတောင်းဆိုထားတယ်လို့ သူကဆက်ပြောပါတယ်။
မယ်ဆမ်လပ်ဒေသက နယ်စပ်ဖြတ်ကျော် ဝင်ထွက်ခွင့်ဂိတ်တွေကိုတော့ ဖွင့်ထားဆဲဖြစ်ပေမဲ့ မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်နေကြတာကြောင့် နယ်စပ်ကုန်သွယ်ရေးကတော့ အေးနေတယ်လို့ သိရပါတယ်။
ကိုးကား: Khaosod ၊ Thai PBS




















































