ကမ္ဘာ့ဖလားရဲ့ အောင်မြင်မှု အစဉ်အလာ အကြီးဆုံး ဘရာဇီးဟာ နော်ဝေးအသင်းကို အရေးနိမ့်ပြီး အခုနှစ် ပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာတင် အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ နော်ဝေးကတော့ တိုက်စစ်မှူး အာလင်ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့အတူ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ဆီ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပါတယ်။
ပွဲချိန် ၁၄ မိနစ်မှာတင် နော်ဝေးနောက်တန်းရဲ့ ကစားပုံ ကြမ်းမှုကြောင့် ဘရာဇီးအသင်း ပင်နယ်တီ ရခဲ့ပါတယ်။ အဲဒီ ပင်နယ်တီကို ကွင်းလယ်လူ ဘရူနို ဂွီမာရေးစ် ကန်သွင်းခဲ့ပေမယ့် နော်ဝေး ဂိုးသမား အော်ဂျန်နိုင်လန်က လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်သွားတာကြောင့် ဘရာဇီးတို့ ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ပထမပိုင်းကတော့ ဂိုးမရှိ သရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်း အစမှာ ဘရာဇီးက တိုက်စစ်ကို အရှိန်တင် ကစားလာပြီး ဂိုးသွင်းခွင့်တွေလည်း ပိုရလာပေမယ့် အခွင့်အရေးတွေကို ကောင်းကောင်း အသုံးမချနိုင်ခဲ့ပါဘူး။ ပြီးတော့ နော်ဝေးဂိုးသမား နိုင်လန်ကလည်း အခုပွဲမှာ အကောင်းဆုံး ပုံစံတွေ ပြသပြီး ဘရာဇီးရဲ့ အားထုတ်မှုတွေကို ဟန့်တားသွားခဲ့ပါတယ်။ ၇၉ မိနစ်မှာတော့ နော်ဝေးက ဂိုးစသွင်းသွားပါတယ်။ အန်းဒရီးရက်စ် ရှဂျဲလ်ဒရပ် ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဟာလန်းက ခေါင်းတိုက်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မိနစ် ၉၀ မှာတော့ ရှဂျဲလ်ဒရပ်ပဲ ပေးပို့တဲ့ ဘောလုံးကို ဂိုးဧရိယာ အပြင်ဖက်နားကနေ ဟာလန်းက ခပ်ပြင်းပြင်း အနိမ့်ကန်သွင်းပြီး ဒုတိယဂိုး ရရှိသွားခဲ့ပါတယ်။ နာကျင် အပိုဆောင်းချိန် ၁၀ မိနစ်မှာတော့ ဘရာဇီးအသင်း နောက်ထပ် ပင်နယ်တီ ရရှိခဲ့ပါတယ်။ အဲဒီပင်နယ်တီကိုတော့ လူစားဝင် ဝါရင့်တိုက်စစ်မှူးကြီး နေမာက ပိုင်ပိုင်နိုင်နိုင် ကန်သွင်းသွားလို့ စံချိန်တင် ကမ္ဘာ့ဖလား ၅ ကြိမ် ပိုင်ရှင်တို့ သိက္ခာဆယ်ဂိုး ရသွားခဲ့ပါတယ်။

Public Service Announcement
ပွဲအပြီးမှာတော့ နော်ဝေးက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို ရောက်ရှိသွားပါတယ်။ အခုပွဲမှာ နှစ်ဂိုးသွင်းတဲ့ ဟာလန်းကလည်း စုစုပေါင်း ၇ ဂိုးထိ ရထားလို့ ဂိုးသွင်းဘုရင် စာရင်းမှာ ပြင်သစ်သား ကိုင်လီယန် အမ်ဘက်ပေ၊ အာဂျင်တီးနားရဲ့ လီယွန်နယ် မက်ဆီတို့နဲ့အတူ ပူးတွဲ ဦးဆောင်နေပါတယ်။
ဘရာဇီးကတော့ ကမ္ဘာ့ဖလားမှာ နော်ဝေးနဲ့တွေ့တိုင်း ရှုံးတယ်ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားရပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာလည်း အဲဒီနှစ်သင်း ဆုံခဲ့ဖူးပြီး နော်ဝေးက တူညီတဲ့ ရလဒ်နဲ့ပဲ အနိုင်ယူခဲ့ဖူးပါတယ်။
ကိုးကား: FIFA

















































