ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အမေရိကန် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုခဲ့ပြီး ဖီဖာကလည်း လိုက်လျောပေးခဲ့ပါတယ်။
ဖီဖာရဲ့ ဆုံးဖြတ်ချက်အရ ဘာလိုဂန်ရဲ့ ချက်ချင်းလက်ငင်း ကျခံရမယ့် ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ် အနေနဲ့ ပြောင်းလဲပေးလိုက်ကြောင်း သိရပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အမေရိကန်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ၃ ဂိုး ရရှိထားတဲ့ ဘာလိုဂန်ဟာ ဘော့စ်နီးယားကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမား တာရစ်ခ် မူဟာရီမိုဗစ်ရဲ့ ခြေကျင်းဝတ်ကို တက်နင်းခဲ့ကြောင်း ကွင်းလယ်ဒိုင်က ဆုံးဖြတ်ပြီး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်ဟာ မပြင်းထန်သလို ဘာလိုဂန်ကလည်း ရည်ရွယ်ချက်ရှိရှိ လူချခဲ့တာ မဟုတ်လို့ အနီကတ် မဖြစ်သင့်ကြောင်း အမေရိကန် ပရိသတ်တွေက ဝေဖန်ခဲ့ပါတယ်။
ဖီဖာရဲ့ စည်းမျဉ်းတွေအရ အနီကတ်ထိတဲ့ ကစားသမားဟာ နောက်ထပ် တစ်ပွဲကို အလိုအလျောက် လွဲချော်ပါတယ်။ ပြီးတော့ အဲဒီအတွက် သဘောထား ကွဲလွဲတာ၊ စောဒကတက်တာ၊ အယူခံဝင်တာတွေကိုလည်း လက်ခံလေ့ မရှိပါဘူး။

Public Service Announcement
အခုတော့ ဘောလုံးလောကနဲ့တောင် တိုက်ရိုက် မပတ်သက်တဲ့ ထရမ့်က ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ ဖီဖာဆီ တောင်းဆိုခဲ့ပြီး ဖီဖာကလည်း လိုက်လျော သဘောတူခဲ့တယ် ဆိုတာက အရမ်းကို အဆီအငေါ် မတည့်တဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ ပြီးတော့ ဖီဖာ စည်းမျဉ်းတွေရဲ့ သမာသမတ် ကျမှုနဲ့ ပတ်သက်လို့လည်း ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။
တကယ့်ကို မမျှတတဲ့ ကိစ္စတစ်ခုကို ပြန်လည် ပြောင်းလဲပြီး မှန်ကန်တဲ့ အရာကို လုပ်ဆောင်ပေးခဲ့လို့ ဖီဖာကို ကျေးဇူးတင်ပါတယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ကစားသမားကို ဗီဒီယို အနှေးပြကွက် (VAR)ပြန်ကြည့်ပြီး ထုတ်ပယ်ခဲ့တဲ့ ဒိုင်ဆုံးဖြတ်ချက်ဟာ အငြင်းပွားစရာတွေတော့ ဖြစ်ခဲ့ပါတယ်။ အမေရိကန် အသင်းမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုက ဘယ်လို အခြေအနေမှာကြည့်ကြည့် ဒါဟာ အနီကတ် လုံးဝ မဖြစ်သင့်ဘူးလို့ ပြောကြားထားပါတယ်။
တစ်နည်းအားဖြင့် ဘာလိုဂန်ရဲ့ အနီကတ်ကို ပယ်ဖျက်ပေးတဲ့ ဆုံးဖြတ်ချက်က မမျှတဘူးလို့ အတပ်မပြောနိုင်ပေမယ့် ထရမ့်က ဝင်ပြောတဲ့ စကားတစ်ခွန်းတည်းနဲ့တင် သဘောတူခဲ့တယ် ဆိုတာကတော့ ဖီဖာအတွက် အတော်လေး ဝေဖန်ခံရမယ့်သဘော ဖြစ်ပါတယ်။ ပြီးတော့ အငြင်းပွားစရာ အခြေအနေတွေနဲ့ အနီကတ်ထိခဲ့ပြီး နောက်တစ်ပွဲ လွဲခဲ့တဲ့ တခြားကစားသမားတွေအတွက်ရော တရားပါ့မလားဆိုတဲ့ ဆန်းစစ်မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။
ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေဆိုင်ရာ ပုဒ်မ ၂၇ အရ ကစားသမား တစ်ဦးရဲ့ ပွဲပယ်ပြစ်ဒဏ်ကို တစ်နှစ်ထိ ဆိုင်းငံ့ကာလ သတ်မှတ်ပေးနိုင်ကြောင်း၊ ဘာလိုဂန်ဟာ အဲဒီ ဆိုင်းငံ့ကာလ တစ်နှစ်အတွင်း တူညီတဲ့ အခြေအနေနဲ့ တူညီတဲ့ ပြစ်ဒဏ်မျိုး ထပ်ကျူးလွန်ရင်တော့ ကနဦး ပြစ်ဒဏ်အပြင် အသစ်ချိုးဖောက်တဲ့ ကိစ္စအတွက်ပါ ပူးတွဲပြစ်ဒဏ် ကျခံရမယ်လို့ ဖီဖာက ကြေညာခဲ့ပါတယ်။
အမေရိကန် ဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာရဲ့ အစောပိုင်း ပြစ်ဒဏ်ကို အထွန့်မတက်ဘဲ လက်ခံထားခဲ့ပြီး ဘာလိုဂန် ပွဲပယ်ကနေ လွတ်သွားတယ် ဆိုတာကို အသင်းဖော်တွေ ကိုယ်တိုင်တောင် လူမှုကွန်ရက်ပေါ်မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ကစားသမား ခရစ္စတီယန် ပူလီဆစ်က အစောပိုင်းမှာ ဒီကိစ္စ တကယ်ဟုတ်ရဲ့လားလို့တောင် မသင်္ကာ ဖြစ်မိကြောင်း၊ သတင်းမှန် ဆိုတော့လည်း သတင်းကောင်းအဖြစ် ဝမ်းသာမိကြောင်း ပြောကြားသွားပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ကျင်းပကတည်းက သမိုင်းကြောင်းတလျှောက် ပြသခဲ့တဲ့ အနီကတ် ၁၈၉ ခု ရှိခဲ့ပါတယ်။ ဘာလိုဂန် အပါအဝင် ကစားသမား ၂ ဦးသာ အနီကတ်ထိပြီး နောက်တစ်ပွဲမှာ ဝင်ကစားခွင့် ရခဲ့ဖူးပါတယ်။ ပထမ တစ်ဦးက ၁၉၆၂ ခုနှစ် ပြိုင်ပွဲမှာ အနီကတ် ထိခဲ့တဲ့ ဘရာဇီးသား ဂါရင်ချာ ဖြစ်ပြီး ချီလီနဲ့ အကြိုဗိုလ်လုပွဲမှာ ထုတ်ပယ် ခံခဲ့ရတာပါ။ ဒါပေမဲ့ ချက်အသင်းကို အနိုင်ရတဲ့ ဗိုလ်လုပွဲမှာတော့ ဝင်ကစားသွားခဲ့ပါတယ်။ ဒါပေမဲ့ ဂါရင်ချာရဲ့ ခေတ်တုန်းက အနီကတ်ထိရင် နောက်ပွဲ အလိုအလျောက် အပယ်ခံရမယ်ဆိုတဲ့ သံမဏိစည်းမျဉ်း မရှိသေးပါဘူး။ အဲဒီအစား ကော်မတီတစ်ခုက ဆုံးဖြတ်ပြီး ပြစ်ဒဏ်ကို ပြန်သုံးသပ်တာမျိုး ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ ကမ္ဘာ့ဖလားမှာ အနီကတ် ထိတာနဲ့ နောက်တစ်ပွဲ အပယ်ခံရမယ်ဆိုတဲ့ ဖီဖာရဲ့ သံမဏိစည်းမျဉ်း စတင်ချိန် ကတည်းက ပြန်ပြင်ပေးတာ ဘာလိုဂန်ကိစ္စ တစ်ကြိမ်ပဲ ရှိပြီး အဲဒါကလည်း ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အမေရိကန်ရဲ့ သမ္မတဖြစ်သူ ထရမ့်က ဖီဖာကို တောင်းဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။
ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုဟာ ထရမ့်နဲ့ ပုဂ္ဂိုလ်ရေးအရ အရမ်းရင်းနှီးသူ တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဖီဖာ ငြိမ်းချမ်းရေးဆု ဆိုတာကိုလည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ထရမ့်ကို ချီးမြှင့်ခဲ့ဖူးပါတယ်။
ကိုးကား: New York Times

















































