အီရန် အဓိပတိဟောင်းရဲ့ နိုင်ငံတော် ဈာပနကို သားသုံးဦး တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ သားဖြစ်သူကိုတော့ မတွေ့ရသေးပါဘူး။
အယာတိုလာ အလီ ခါမေနီဟာ အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပဲ နေအိမ်ကို ဒုံးကျည်ထိမှန်လို့ တခြား ဆွေမျိုးသားချင်း တချို့နဲ့အတူ သေဆုံးခဲ့ပါတယ်။ စစ်ပွဲ ဆက်လက်ဖြစ်ပွားနေတာ၊ အပစ်ရပ် သဘောတူညီမှု တည်တံ့ဖို့ မသေချာတာမျိုး အခြေအနေတွေကြောင်း အီရန် အစိုးရဟာ ခါမေနီအတွက် နိုင်ငံတော် ဈာပနကို ရွှေ့ဆိုင်းထားခဲ့ပြီး ဇူလိုင် ၄ ရက်နေ့မှ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၅ ရက်မှာတော့ ခါမေနီရဲ့ ရုပ်အလောင်း ထားရှိရာ ဗလီကြီးဆီကို သူ့ရဲ့ သားတွေဖြစ်တဲ့ မိုစတာဖာ ခါမေနီ၊ မေဆမ် ခါမေနီနဲ့ မာဆွတ်ဒ် ခါမေနီတို့ ရောက်လာကြပြီး ဂါရဝပြုခဲ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့ ခါမေနီရဲ့ သားတစ်ဦးဖြစ်ပြီး ဖခင်သေဆုံးပြီး တစ်ပတ်အကြာမှာပဲ နိုင်ငံရဲ့ အဓိပတိသစ်အဖြစ် အရိုက်အရာ ဆက်ခံခဲ့သူ မော့ဂျ်တာဘာ ခါမေနီကိုတော့ မတွေ့ခဲ့ရပါဘူး။

Public Service Announcement
မော့ဂျ်တာဘာဟာ ခါမေနီ သေဆုံးတဲ့ တိုက်ခိုက်မှုမှာ ဒဏ်ရာရသွားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို ဒဏ်ရာက ဘယ်လောက်ပြင်းသလဲ ဆိုတာကိုလည်း တိတိကျကျ မသိရပါဘူး။ သူဟာ အဓိပတိ ရာထူးကို ဆက်ခံခဲ့ပေမယ့် လူမြင်ကွင်းရှေ့ ဘယ်တုန်းကမှ ထွက်ပေါ်မလာဘဲ သဘောထား ကြေညာချက်တွေကိုသာ ထုတ်ပြန်နေခဲ့ပါတယ်။
မော့ဂျ်တာဘာဟာ အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဒုက္ခိတ ဖြစ်သွားတယ်လို့တောင် အတည်မပြုနိုင်တဲ့ ကောလာဟလတွေ ပျံ့နှံ့ခဲ့ပါတယ်။
ခါမေနီရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားမှာ မော့ဂျ်တာဘာ တက်ရောက်လာမလား ဆိုတာဟာ နိုင်ငံတကာ မီဒီယာတွေ အာရုံအစိုက်ဆုံး အကြောင်းအရာ ဖြစ်ခဲ့ပေမယ့် ဇူလိုင် ၅ ရက်နေ့ထိတော့ သူ့ကို မတွေ့ရသေးပါဘူး။
မော့ဂျ်တာဘာဟာ အီရန်ရဲ့ ဩဇာအကြီးဆုံး၊ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ထောက်ခံမှုကြောင့် အဓိပတိ နေရာကို ရရှိခဲ့တာလို့ အီရန် အစိုးရ အတွင်းပိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အီရန်စစ်ပွဲ အဖွင့်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ခါမေနီနဲ့အတူ သူ့သမီး၊ သမက်၊ ချွေးမနဲ့ ၁၄ လအရွယ် မြေးမလေးတို့ သေဆုံးခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကိုလည်း ခါမေနီနဲ့အတူ ထားရှိပါတယ်။
၆ ရက်ကြာ ပြုလုပ်မယ့် နိုင်ငံတော် ဈာပန အစီအစဉ်တွေမှာ စုစုပေါင်း လူ ၁၅ သန်းနဲ့ သန်း ၂၀ ကြားတက်ရောက်ပြီး ကွယ်လွန်သူ အဓိပတိကြီးကို နှုတ်ဆက်ကြမယ်လို့ အီရန်အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
အသက် ၈၆ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ခါမေနီဟာ အီရန်ကို ၃၆ နှစ်ကြာ အုပ်စိုးခဲ့ပါတယ်။ သူဟာ ဘာသာရေး အခြေပြု အာဏာရှင်ပုံစံ အုပ်စိုးမှုတွေကြောင့် ဝေဖန်ခံရပေမယ့် ရှီးဟိုက်မွတ်ဆလင် အများအပြားရဲ့ ဘာသာရေး ဦးသျှောင်ပုဂ္ဂိုလ် အနေနဲ့လည်း လေးစားခံခဲ့ရပါတယ်။
ကိုးကား: Reuters

















































