Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ဖို့ စီစဉ်

တရုတ်နဲ့ ရုရှား ပူးပေါင်းပြီး ပစိဖိတ် သမုဒ္ဒရာထဲမှာ ရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နဲ့ ရုရှား ပူးပေါင်းပြီး ပစိဖိတ် သမုဒ္ဒရာထဲမှာ ရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ပစိဖိတ် သမုဒ္ဒရာရဲ့ တရားဝင် မထုတ်ပြန်တဲ့ ရေပြင်ဧရိယာ တစ်ခုမှာ အဲဒီ လေ့ကျင့်မှုကို လုပ်ဆောင်မယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

တရုတ်နဲ့ ရုရှားတို့ဟာ စီးပွားရေးနဲ့ သံတမန်ရေးအရ နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေသလို အမေရိကန်ရဲ့ ဖိအားပေးမှုတွေကို ပူးပေါင်းတုံ့ပြန်ရင်း စစ်ရေးအရလည်း ပိုပြီး နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်နဲ့ ရုရှားတို့ကြားမှာ သဘောသဘာဝ ကွဲပြားတဲ့ ပုံမှန်စစ်ရေး လေ့ကျင့်မှုတွေကို မကြာခဏ တွေ့မြင်လာရပါတယ်။ Joint Sea-2026လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုမှာတော့ နှစ်နိုင်ငံ ရေတပ်တွေ ပူးပေါင်း ပါဝင်ကြမယ်လို့ တရုတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၆ ရက်ကနေ ၁၃ ရက်နေ့ထိ ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုကိုတော့ တရုတ်နိုင်ငံ အရှေ့ပိုင်းက အဓိက ရေတပ်ဆိပ်ကမ်းတစ်ခုနဲ့ အပန်းဖြေ ကမ်းခြေမြို့ဖြစ်တဲ့ ကွင်တောင်ရဲ့ ကမ်းလွန်ရေပြင် တစ်နေရာမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်း တုံ့ပြန်မှု စွမ်းရည်ကို ဆန်းစစ်ဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်လို့လည်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေရဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ မကြေညာခဲ့ပါဘူး။ ရုရှားက ခရုစ်ဒုံးကျည်တင် စစ်သင်္ဘောကြီးတစ်စီး၊ ဖရီးဂိတ် စစ်သင်္ဘောတစ်စီး၊ အကြီးစား ရေငုပ်သင်္ဘောတစ်စီး၊ ကယ်ဆယ်ရေးရေယာဉ် တစ်စီးနဲ့ ရေတပ် ရဟတ်ယာဉ်တွေ စေလွှတ်ပေးမှာဖြစ်ပြီး တရုတ်ကတော့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော နှစ်စီး၊ ဖရီးဂိတ် တစ်စီး၊ ထောက်ပံ့ပို့ဆောင်ရေး ရေယာဉ်တစ်စီး၊ ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေး ရေယာဉ်တစ်စီးနဲ့ ရေငုပ်သင်္ဘော တစ်စီးကို လေ့ကျင့်မှုမှာ ပူးပေါင်းစေမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေ ပူးပေါင်းပြီး ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ လုပ်ဆောင်ခဲ့တဲ့ Valiant Shield စစ်ရေးလေ့ကျင့်မှုကြီး ပြီးဆုံးခဲ့တဲ့နောက် ရက်ပိုင်းအကြာမှာပဲ တရုတ်နဲ့ ရုရှား ရေတပ်တွေလည်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှု စတင်ခဲ့တာပါ။

တရုတ်-ရုရှား ရေတပ်တွေရဲ့ Joint Sea စစ်ရေးလေ့ကျင့်မှုတွေကို ၂၀၁၂ မှာ စတင်ပြီး နှစ်စဉ် ပြုလုပ်ခဲ့ပါတယ်။ မနှစ်တုန်းက လေ့ကျင့်မှု နေရာကိုတော့ ရုရှားနိုင်ငံ အရှေ့ဖက် ဗလာဒီဗိုစတော့ခ် ဆိပ်ကမ်းမြို့နားက ရေပြင်ကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ