Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီးလက်ရွေးစင်အသင်းကနေ နေမာ အနားယူ

ဘရာဇီး လက်ရွေးစင် ကစားသမား ဘဝကနေ အပြီးတိုင် အနားယူပြီလို့ တိုက်စစ်မှူး နေမာက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - ESPN

ဇူလိုင် – ၆ ၊၂၀၂၆

ဘရာဇီး လက်ရွေးစင် ကစားသမား ဘဝကနေ အပြီးတိုင် အနားယူပြီလို့ တိုက်စစ်မှူး နေမာက ကြေညာခဲ့ပါတယ်။

နော်ဝေးကို ၁၆ သင်း ရှုံးထွက်အဆင့်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အရေးနိမ့် ထွက်ခွာခဲ့တဲ့ ပွဲစဉ်ဟာ ဘရာဇီးအတွက် နေမာက နောက်ဆုံး ကိုယ်စားပြုပေးတဲ့ ပွဲလည်း ဖြစ်လာပါတယ်။ သူဟာ အဲဒီပွဲမှာ လူစားလဲ ဝင်ရောက် ကစားခဲ့ပြီး နောက်ဆုံးမိနစ် ချေပဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ ၂၀၂၃ နောက်ပိုင်း နေမာရဲ့ ပထမဆုံး လက်ရွေးစင် သွင်းဂိုးလည်း ဖြစ်လာပါတယ်။ သူဟာ ဘရာဇီးအတွက် ဂိုး ၈၀ သွင်းယူပြီး လက်ရွေးစင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

Public Service Announcement

Public Service Announcement

နေမာဟာ ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလား ၄ ကြိမ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း အခုနှစ် ပြိုင်ပွဲမှာတော့ ဒဏ်ရာတွေနဲ့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ၂ ပွဲသာ လူစားလဲ ဝင်ရောက် ကစားခဲ့ပါတယ်။

မျိုးဆက်တစ်ခုအတွင်း အထူးချွန်ဆုံး ဘောလုံးကဝေတစ်ဦး ဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် မျှော်မှန်းသလောက် အမြင့်ဆုံး အဆင့်ထိ မရောက်ခဲ့တဲ့ နေမာအတွက် အခုနှစ် ပြိုင်ပွဲဟာ ဘရာဇီးကို နောက်ဆုံးအကြိမ် ကိုယ်စားပြုမှု ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေ အရင်ကတည်းက ထွက်ပေါ်နေခဲ့ပါတယ်။

နော်ဝေးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ နေမာဟာ မျက်ရည်ကျရင်း ပရိသတ်တွေကို လက်ပြ နှုတ်ဆက်နေခဲ့တာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ လက်ရွေးစင် အသင်းကနေ အနားယူတော့မယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။

သူအရမ်း ပင်ပန်းနေပြီဖြစ်ကြောင်း၊ သူ့အတွက် လက်ရွေးစင်ဘဝ ဖြတ်သန်းမှုက ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ဒီနေရာမှာ စတင်ပြီး ဒီနေရာမှာပဲ အဆုံးသတ်ပြီဖြစ်ကြောင်း နေမာက Globo TVကို ပြောကြားခဲ့ပါတယ်။ နော်ဝေးကို ဘရာဇီးအသင်း အရေးနိမ့်ခဲ့တဲ့ MetLife ဘောလုံးကွင်းကြီးမှာပဲ နေမာဟာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ ပွဲဦးထွက်ကို စတင်ခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ်၊ ဩဂုတ် ၁၀ ရက်နေ့တုန်းက အသက် ၁၈ နှစ်သား ပါရမီရှင် ဘောလုံးသမားလေးဟာ ဘရာဇီးအသင်း ဂျာစီကို ပထမဆုံးအကြိမ် ဝတ်ဆင်ခွင့် ရခဲ့ပါတယ်။ အဲဒီတုန်းက ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဘရာဇီးက အမေရိကန်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး နေမာက ခေါင်းတိုက်ပြီး တစ်ဂိုး သွင်းယူခဲ့ပါတယ်။

လက်ရွေးစင် ကစားသမားဘဝ အဆုံးသတ်ဟာ နာကျင်စရာ အမှတ်တရ ဖြစ်ခဲ့ပေမယ့်လည်း နေမာဟာ ပီလီပြီးရင် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ၄ ခုမှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ဘရာဇီး ကစားသမား အနေနဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ကိုးကား – Four Four Two

ဆက်စပ်သတင်းများ