ဇူလိုင် – ၆ ၊၂၀၂၆
ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်းမှာ တရုတ်က တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့ပြီး အဲဒီလုပ်ရပ်အပေါ် ဩစတြေးလျ အစိုးရက ဝေဖန်သွားခဲ့ပါတယ်။
အဲဒီ ဒုံးကျည် စမ်းသပ်မှုကို ဇူလိုင် ၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက အတည်ပြု ဖော်ပြခဲ့ပါတယ်။ ထိပ်ဖူးအတု တပ်ဆင်ထားတဲ့ ဒုံးကျည်ဟာ သတ်မှတ်ထားတဲ့ ရေပြင်တစ်နေရာကို ကျဆင်းခဲ့တယ်လို့ ရှင်ဟွာက ဆိုပါတယ်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) ရေတပ်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးက အဲဒီ မဟာဗျူဟာ ဒုံးကျည် စမ်းသပ်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဒုံးကျည်ဟာ ပစိဖိတ် သမုဒ္ဒရာထဲက ကြိုတင် ခန့်မှန်း သတ်မှတ်ထားတဲ့ ရေပြင်ပစ်မှတ်ဇုန်ဆီ တိတိကျကျ ကျဆင်းခဲ့ကြောင်း ရှင်ဟွာရဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

Public Service Announcement
အဲဒီလက်နက် စမ်းသပ်မှုဟာ PLA ရေတပ်ရဲ့ ပုံမှန် နှစ်စဉ် စစ်ရေးလေ့ကျင့်မှု အစီအမံရဲ့ အစိတ်အပိုင်း တစ်ခုသာဖြစ်ပြီး ဒုံးကျည်ပစ်ခတ်တဲ့ နေရာတဝိုက်က နိုင်ငံအစိုးရ အသီးသီးကို ကြိုတင် အကြောင်းကြားထားကြောင်းလည်း တရုတ်က ဆိုပါတယ်။
PLA ရေတပ်က ဒီစမ်းသပ်မှုဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ အပြည့်အဝ ကိုက်ညီသလို နိုင်ငံတစ်ခုခုကို ဦးတည် ခြိမ်းခြောက်တဲ့ အဓိပ္ပါယ် မရှိဘူးလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒုံးကျည်က ဘယ်နေရာကို ကျရောက်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ နယူးဇီလန် အစိုးရက အခုကိစ္စကို တရုတ်ဆီကနေ ကြိုတင် အကြောင်းကြားမှု လက်ခံရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ တောင်ပစိဖိတ် နျူကလီးယား ကင်းမဲ့ဇုန် သတ်မှတ်ရေပြင်ဆီ ဒုံးကျည် ပစ်ခတ်ခဲ့တာလို့ နယူးဇီလန်က ဆိုပါတယ်။
ဩစတြေးလျနဲ့ ဖီဂျီ အစိုးရတွေက ကျူးကျော်စစ် ကြုံတွေ့လာရင် အပြန်အလှန် ကူညီ တိုက်ခိုက်ပေးမယ့် ကာကွယ်ရေး စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ နေ့မှာပဲ တရုတ်က ပစိဖိတ် တောင်ပိုင်းဆီ တာဝေးပစ် ဒုံးကျည် ပစ်ခတ်ခဲ့တာပါ။
ဩစတြေးလျ ဒုတိယ ဝန်ကြီးချုပ် ရစ်ချတ်မားလ်စ်က တရုတ်ဟာ တာဝေးပစ်ဒုံးကျည် ပစ်ခတ်မယ့် ကိစ္စကို ဇူလိုင် ၆ ရက် မနက်ပိုင်းမှ အချိန်ကပ်ပြီး အကြောင်းကြားခဲ့ကြောင်း ပြောပါတယ်။ ဒါဟာ တာဝေးပစ် ဒုံးကျည်ဖြစ်ကြောင်း၊ ဒီလုပ်ရပ်ကြောင့် ပစိဖိတ် ဒေသရဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကဏ္ဍတွေ ထိခိုက်အားနည်းသွားမှာကို အထူးစိုးရိမ်ကြောင်း သူက ဆိုပါတယ်။ ဩစတြေးလျ နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
တရုတ်ဟာ ၂၀၂၄ တုန်းကလည်း တာဝေးပျံသန်းတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ဖူးပါတယ်။ တရုတ်ဟာ စစ်လက်နက် နည်းပညာပိုင်းနဲ့ ပတ်သက်ရင် အတော်လေး သိုသိုသိပ်သိပ် သတင်းထိမ်ချန်လေ့ ရှိပေမယ့် အဲဒီလက်နက် စမ်းသပ်မှုက တရုတ်ရဲ့ ဒုံးကျည် နည်းပညာ သိသိသာသာ တိုးတက်လာနေတာကို မြင်သာစေခဲ့ကြောင်း စစ်ရေးသုတေသီတွေက သုံးသပ်ခဲ့ကြပါတယ်။
ကိုးကား – New York Times

















































