ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်းတဲ့ ရေယာဉ်တွေကို အခွန်ကောက်မယ်လို့ ပြောပြီး နောက်တစ်နေ့မှာပဲ အဲဒီစကားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်ရုပ်သိမ်းသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထရမ့်က ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းသမျှ အရပ်ဖက် ကုန်တင်သင်္ဘောတိုင်းကို တင်ဆောင်လာတဲ့ ကုန်စည်ရဲ့ တန်ဖိုး ၂၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အခွန်မျိုး ကောက်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ အီရန်နဲ့ စစ်ရေးအခြေအနေတွေ တကျော့ပြန် တင်းမာလာချိန်မှာ ဟောမုဇ် ရေလက်ကြားရဲ့ အုပ်ထိန်းသူအဖြစ် အမေရိကန်က တာဝန်ယူမယ်လို့ ပြောပြီး အခုလိုမျိုး အခွန်ကောက်မယ့် ကိစ္စကို ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသား ကြေညာခဲ့ပါတယ်။
အခု သီတင်းပတ် အစောပိုင်းမှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက ဟောမုဇ်ရဲ့ အုပ်ထိန်းသူလို့ အမေရိကန်ကို ရည်ညွှန်းခဲ့တဲ့ ထရမ့်ရဲ့ အသုံးအနှုန်းကို လှောင်ပြောင်ခဲ့ပါတယ်။ ပြီးတော့ ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်အတွက် အခွန်ကောက်တာဟာ အီရန်ရဲ့ တရားဝင် ရပိုင်ခွင့်သာ ဖြစ်သင့်တယ်လို့လည်း အာရက်ချီက ဆိုပါတယ်။
ဟောမုဇ် ရေလက်ကြားကို လုံလုံခြုံခြုံ၊ ဘေးကင်းကင်း ဖြတ်သန်းဖို့ အာမခံနိုင်တဲ့ ဘယ်နိုင်ငံမဆို အဲဒီအတွက် အခွန်အခ ရရှိသင့်ကြောင်း၊ တကယ်တော့ အီရန်ဟာ ဟောမုဇ်ရဲ့ အုပ်ထိန်းသူအဖြစ် အမြဲတမ်း တည်ရှိခဲ့သလို အဲဒီအတိုင်း ထာဝရ ဆက်လက် တည်တံ့မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ၂၀ ရာခိုင်နှုန်း ဆိုတာ အတော်လေး အခွန်အခ စျေးကြီးကြောင်း၊ အီရန်ကတော့ မျှမျှတတပဲ ဖြတ်သန်းခ အခွန် ကောက်ယူမှာဖြစ်ကြောင်း သူက လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း Xမှာ ဇူလိုင် ၁၃ ရက်နေ့က ရေးသားခဲ့ပါတယ်။

Public Service Announcement
ဇူလိုင် ၁၄ ရက်မှာတော့ ထရမ့်က ဟောမုဇ်မှာ အခွန်ကောက်မယ့် ကိစ္စကို သူ့ဖာသာပဲ ပြန်ရုပ်သိမ်းသွားပါတယ်။ အဲဒီအစား အမေရိကန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေနဲ့ အတိုင်းအတာ ကြီးမားလှတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့ ညှိနှိုင်းသွားမယ်လို့ သူက ပြောပါတယ်။
ဇူလိုင် ၁၄ ရက်မှာတော့ အမေရိကန်ဟာ အီရန်ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ဖို့ ရည်ရွယ်ထားတဲ့ ရေတပ် ဖြန့်ကျက်မှုတွေကိုလည်း ပြန်လည် စတင်လာခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန်တို့ကြား တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာခြင်းကြောင့် ဟောမုဇ် ရေလက်ကြားမှာ ရေနံတင် သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းမှုတွေလည်း ရပ်တန့်သွားပြီး ရေနံစျေးတွေ ပြန်မြင့်တက်လာပါတယ်။
ဇူလိုင် ၁၄ ရက် ညပိုင်းမှာ အမေရိကန် ဗဟို စစ်ဌာနချုပ် (CENTCOM)က အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို သုံးညဆက်တိုက်အဖြစ် တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အီရန်ကလည်း ဘာရိန်းနဲ့ ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်အခြေစိုက် စခန်းတွေကို ပစ်မှတ်ထား လက်တုံ့ပြန်ခဲ့ကြောင်း ကြေညာပါတယ်။ အစောပိုင်းမှာတော့ အီရန်ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ ရေနံတင် သင်္ဘောနှစ်စီးကို တိုက်ခိုက်ခဲ့ပါသေးတယ်။
ကိုးကား: BBC

















































