အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အခေါင်းတစ်ခုထဲ လှဲလျောင်းနေပုံ ရေးဆွဲထားတဲ့ billboard အကြီးကြီး တစ်ခုကို စိုက်ထူထားပါတယ်။
အဲဒီ billboardထဲမှာတော့ အခေါင်းထဲကနေ ထရမ့်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ပေါ်နေပြီး ဗိုက်ပူပူကြီးဖြစ်အောင် ပုံဖော်ထားတာကို တွေ့ရပါတယ်။ ဒါဟာ အီရန် အစိုးရရဲ့ အမေရိကန် မုန်းတီးရေး ဝါဒဖြန့်မှု အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နှစ်ဖက်ကြား တင်းမာမှု ဘယ်လောက် မြင့်တက်နေသလဲ ဆိုတာကို မြင်သာစေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
ဇူလိုင် ၁၅ ရက်နေ့မှာ New York Times သတင်းစာရဲ့ ဖော်ပြမှုအရ အဲဒီ billboardကြီးဟာ တဟီရန် မြို့လယ်က အန်ဂဲလ်လက်ဘ် ရင်ပြင်နားမှာ ရှိနေတာလို့ သိရပါတယ်။ ပုံထဲမှာ ပက်လက်ကြီး လှဲလျောင်းနေတဲ့ ထရမ့်က မျက်လုံးတွေ ပိတ်ထားပြီး ဆံပင်တွေ ဖရိုဖရဲ ဖြစ်နေတာကို တွေ့ရပါတယ်။ ပြီးတော့ အနောက်တိုင်းဝတ်စုံနဲ့ အနီရောင် လည်စည်းကို ဝတ်ထားပြီး ဗိုက်ကြီး ပူထွက်နေလို့ ရှပ်အင်္ကျီ ကြယ်သီး ပြုတ်ထွက်နေသလိုမျိုး ပုံဖော်ထားပါတယ်။
နောက်ပြီး ‘ထရမ့်ကို ငါတို့ သတ်ပစ်မယ်’ဆိုတဲ့ ခြိမ်းခြောက် စကားလုံးတွေကို အင်္ဂလိပ်လိုရော၊ ဖာရစီ ဘာသာနဲ့ပါ ရေးသားထားပါတယ်။ အဲဒီ billboardထဲမှာ အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန် အဓိပတိဟောင်း အယာတိုလာ အလီခါမေနီကို အာဇာနည်အဖြစ် ညွှန်းဆိုထားတဲ့ စာသားတွေ၊ မီနက်ဘ်မှာ အမေရိကန် လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးသွားတဲ့ အီရန် ကျောင်းသူကျောင်းသား ကလေးငယ်တွေအတွက် ဝမ်းနည်းကြေကွဲမှု စာသားတွေလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement
အီရန်ကို စတင်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပဲ မီနက်ဘ်မြို့မှာ အမေရိကန်က ဗုံးကြဲခဲ့ပြီး ရေတပ်စခန်း တစ်ခုနဲ့ အနီးမှာရှိတဲ့ မူကြိုကျောင်း တစ်ခုတို့မှာ စုစုပေါင်း လူ ၁၇၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲက ၁၀၀ ကျော်ဟာ လူမမယ် ကလေးငယ်တွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ထရမ့်က ဒီကိစ္စဟာ ပစ်မှတ်ရွေးချယ်မှု အမှားတစ်ခုကြောင့် ဖြစ်နိုင်ကြောင်း အသိအမှတ် ပြုခဲ့ပါတယ်။ ဇွန်လတုန်းက အဲဒီအကြောင်း သတင်းထောက်တွေဆီ မှတ်ချက်ပေးရာမှာ ထရမ့်က လူတိုင်း အမှားတွေ လုပ်တတ်ပါတယ်လို့ ပြောကြားသွားပါတယ်။
စစ်ပွဲ စတင်ခဲ့တဲ့နောက်ပိုင်း အမေရိကန်နဲ့ ထရမ့်ဆန့်ကျင်ရေး အီရန်ဝါဒဖြန့်မှုတွေက ပိုမို အရှိန်ရလာသလို ခါမေနီအတွက် လက်စားချေရမယ် ဆိုတာမျိုးကို အဓိက အသားပေး ပြောဆိုလာကြောင်း New York Timesက ဆိုပါတယ်။ ဒါပေမဲ့ ထရမ့်ကို အခေါင်းထဲ ထည့်ထားတဲ့ အခုလို ကျောချမ်းစရာ billboardမျိုး ထောင်တာကတော့ အတော့်ကို ရှားပါးတဲ့ အခြေအနေလို့လည်း အဲဒီသတင်းစာက မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: Al Jazeera, New York Times


















































