ပြည်တွင်းမှာ လူကြိုက်များတဲ့ ကာကွယ်ရေး ဝန်ကြီးကို ထုတ်ပယ်ခဲ့တဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ဆုံးဖြတ်ချက်အပေါ် ယူကရိန်း ပြည်သူတွေက ဆန္ဒပြကြပါတယ်။
ဇူလိုင် ၁၆ ရက်နေ့က မြို့တော် ကိယက်ဗ် အပါအဝင် မြို့ကြီးပြကြီးတွေမှာ ပြည်သူကတွေ စုဝေးပြီး အစိုးရရဲ့ လုပ်ရပ်အပေါ် ဒေါသတကြီး ဝေဖန် ရှုတ်ချခဲ့ပါတယ်။ အလားတူ နိုင်ငံရေးသမား အများအပြားကလည်း ကာကွယ်ရေး ဝန်ကြီး မစ်ခေးလို ဖီဒိုရော့ဗ်ကို ထုတ်ပယ်တဲ့ ဇီလန်စကီးရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်လာကြပါတယ်။
အသက် ၃၅ နှစ်သာ ရှိသေးတဲ့ ဖီဒိုရော့ဗ်ဟာ ကာကွယ်ရေး ဝန်ကြီးအဖြစ် ၆ လသာ တာဝန်ယူပြီးတဲ့နောက် ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။ သူတာဝန်ယူခဲ့တဲ့ တိုတောင်းတဲ့ ကာလအတွင်းမှာတင် ဝန်ကြီးဌာနထဲက အဂတိနဲ့ အကျင့်ပျက်မှုတွေကို ထိထိရောက်ရောက် ချိုးနှိမ်နိုင်ခဲ့သလို စစ်မြေပြင်မှာလည်း ရုရှားအပေါ် အသာစီးရတဲ့ အခြေအနေတွေကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။
အထူးသဖြင့် ဖီဒိုရော့ဗ်ဟာ တာဝေး ဒရုန်းတွေကို အသုံးပြုပြီး ရုရှားပိုင်နက်ထဲက ရေနံချက် စက်ရုံတွေကို တိုက်ခိုက် ဖျက်ဆီးတဲ့ စစ်ဆင်ရေး အစီအမံတွေကို အရှိန်မြှင့်တင်စေခဲ့ပြီး ရန်သူကို အထိနာလာစေခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ အစိုးရကို အသွင်သစ်နဲ့ ပြန်ပြင်ဆင် ဖွဲ့စည်းဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇီလန်စကီးက သူ့ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၁၆ ရက်နေ့ ဆန္ဒပြပွဲတွေမှာတော့ ပြည်သူတွေက ‘ဖီဒိုရော့ဗ်ကို မထိနဲ့’၊ ‘အောင်ပွဲကို မဖျက်ဆီးနဲ့’၊ ‘အရှက်ရှိပါ’ဆိုတဲ့ စာသားပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်လာခဲ့သလို ဇီလန်စကီးရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို သံပြိုင် အော်ဟစ်နေခဲ့ပါတယ်။
ဖီဒိုရော့ဗ်ဟာ ယူကရိန်း စစ်ဦးစီးချုပ် အိုလက်ဇန္ဒာ ဆာစကီနဲ့ အငြင်းပွားမှုတွေ ရှိခဲ့ရာကနေ ထုတ်ပယ် ခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီလို မပြေလည်မှုတွေ ရှိခဲ့တာကို ဖီဒိုရော့ဗ်ရော၊ ဇီလန်စကီးကပါ အတည်ပြုထားပေမယ့် ထုတ်ပယ်ခံရတဲ့ အကြောင်းရင်း ဟုတ်မဟုတ် ဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။
ဇူလိုင် ၁၆ ရက်နေ့မှာတော့ ဖီဒိုရော့ဗ်က ဆာစကီရော၊ နောက်ထပ် ထိပ်တန်း စစ်ဦးစီး အရာရှိ တစ်ဦးဖြစ်သူ အန်ဒရီ ဟနာတော့ဗ်ကိုပါ ထုတ်ပယ်ပြီး လူသစ်တွေနဲ့ အစားထိုးသင့်တယ်လို့ သမ္မတကို သူက အကြံပေးခဲ့ကြောင်း ထုတ်ပြောခဲ့ပါတယ်။
ဇီလန်စကီးကလည်း ဖီဒိုရော့ဗ်နဲ့ ဆာစကီကြား ပွတ်တိုက်မှုတွေ ရှိခဲ့တာကို ဝန်ခံခဲ့ပြီး ဒီလို အခြေအနေမျိုးဟာ ရာထူးအဆင့် အသီးသီးမှာ ဖြစ်လေ့ဖြစ်ထ ရှိကြောင်း၊ သူ့ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ ဖီဒိုရော့ဗ်ရော၊ ဆာစကီးပါ တာဝန်ကျေကျေ အလုပ်လုပ်ခဲ့ကြကြောင်း ပြောကြားသွားပါတယ်။
ဖီဒိုရော့ဗ်ကတော့ ဆာစကီဟာ စစ်ဦးစီးချုပ် အနေနဲ့ ရုရှားကို အနိုင်ယူဖို့ စနစ်ကျတဲ့ အစီအမံတွေ ရေးဆွဲရမယ့်အစား နိုင်ငံကို သွေးခွဲဖို့ပဲ ကြိုးစားနေခဲ့တယ်လို့ အတိအလင်း စွပ်စွဲခဲ့ပါတယ်။
ဆာစကီကတော့ ၂၀၂၂ လောက်တုန်းက မြို့တော် ကိယက်ဗ်နားထိ ရုရှားတပ်တွေ ချဉ်းကပ်လာချိန်မှာ အစွမ်းကုန် ခုခံ တွန်းလှန်ခဲ့တဲ့ ကာကွယ်ရေး အစီအမံတွေနဲ့ ပတ်သက်ပြီး သူအမြဲတမ်း ဂုဏ်ယူနေကြောင်း၊ စစ်ပွဲမှာ အထိရောက်ဆုံး မဟာဗျူဟာတွေ ဖော်ဆောင်နိုင်ဖို့ အချိန်တိုင်း အာရုံစိုက်ထားမှာဖြစ်ကြောင်း Telegramမှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ဖီဒိုရော့ဗ် ဆက်လက် အောင်မြင်ဖို့ ဆန္ဒပြုပေးကြောင်းလည်း သူက ဆက်ရေးထားပါတယ်။
ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတဲ့နောက် ဇီလန်စကီးဟာ လူထုရဲ့ ဒေါသကို အရှိန်လျော့စေဖို့အတွက် ရုရှားကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ အဓိက ဦးဆောင်နေသူ တစ်ဦးဖြစ်တဲ့ ယက်ဗ်ဟန်နီ ခါမာရာကို ယာယီ ကာကွယ်ရေး ဝန်ကြီးတာဝန် ပေးအပ်ခဲ့ပါတယ်။ သူ့ကို ကာကွယ်ရေး ဝန်ကြီးနေရာမှာ တရားဝင် ခန့်အပ်ဖို့ကတော့ လွှတ်တော်ရဲ့ မဲခွဲ ဆုံးဖြတ်မှု ရလဒ်ကို စောင့်ရဦးမှာပါ။
ခါမာရာဟာ လူအများ လေးစားခံရသူ တစ်ဦးဖြစ်ပြီး နည်းပညာ အခြေပြု တိုက်ခိုက်ရေး မစ်ရှင်တွေနဲ့ ပတ်သက်ရင် ထူးကဲတဲ့ အတွေ့အကြုံကောင်းတွေ အများကြီး ပိုင်ဆိုင်ထားကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: BBC


















































