ဇူလိုင်-၂၁၊၂၀၂၆။ ကတ်သရင်းနှင်း/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂၁ ရက် မနက် ၈နာရီက မြို့ထဲကို ဆိုင်ကယ်နဲ့ ဝင်လာတဲ့ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ကို ဇီးကုန်းတိုက်နယ်ပကဖအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ပစ်ခတ်မှုမှာ ရဲနဲ့ပျူစောထီးတို့ နေရာမှာတင် သေဆုံးပြီး လက်နက် ၂လက်လည်းရခဲ့တယ်လို့ သိရပါတယ်။
“အတည်ပြုလို့ရပါတယ်။ ဇီးကုန်းတိုက်နယ်ကပဲ လုပ်တာပါ”လို့ တိုက်နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဘက်ကလည်း ၂ဦး သေဆုံးကာ သေနတ် ၂လက် ဆုံးရှုံးတယ်လို့ ဝါဒဖြန့်တယ်လီဂရမ်မှာ ဖော်ပြထားပြီး သူတို့တပ်ဖွဲ့ တွေ ဇီးကုန်းမြို့တွင်းမှာ မကြာခဏ တိုက်ခိုက်ခံနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ် ကာဘိုးမှာ စစ်တပ်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး စစ်သားတစ်ဦး သေဆုံးကာ သေနတ်၂လက်ကို တော်လှန်ရေးတပ်တွေသိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ် ဇွန်လက ဇီးကုန်းမြို့ပေါ်နဲ့ အနီးဝန်းကျင် ရွာတွေကို နေအိမ်တွေပေါ်အထိတက်ကာ ပျူစောထီးနဲ့ စစ်သားတွေက လူငယ် ၁၀၀ လောက်ကို ပေါ်တာဆွဲခဲ့ပြီး ကန့်ဘလူမြို့နယ် အမှတ်(၆၀၀၆)အမြောက်တပ်ထဲ ပို့ဆောင်ခဲ့ပါတယ်။


















































